ပူတာအိုတွင် ပြည်သူပိုင်မြေယာအချို့ကို လမ်းဖောက်လုပ်ရန် စစ်ကောင်စီ စီစဉ်နေ
ကချင်ပြည်နယ် ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်ကြားရှိ ဒေသခံပြည်သူများ၏ လယ်ယာမြေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ညှိနှိုင်းခြင်းမရှိပဲ လမ်းဖောက်လုပ်ရန် ပြုလုပ်နေကြောင်း သိရသည်။

ပူတာအိုတွင် ပြည်သူပိုင်မြေယာအချို့ကို လမ်းဖောက်လုပ်ရန် စစ်ကောင်စီ စီစဉ်နေ

 

ကောင်ကထောင်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်ကြားရှိ လယ်တွင် စစ်ကောင်စီမှ ပေ ၁၀၀ အကျယ်ရှိသော လမ်းဖောက်လုပ်ရန် ပြုလုပ်နေပြီး ဒေသခံပြည်သူ ၁၆ ဦး၏ လယ်မြေ ၂၆.၃၃ ဧကကို လာရောက်ညှိနှိုင်းခြင်းမရှိဘဲ လမ်းနယ်မြေ သတ်မှတ်ခဲ့သည်ဟု အမည်မဖော်လိုသည့် လယ်ပိုင်ရှင်တစ်ဦးက The 74 Media ကိုပြောသည်။
“ကြိုပြီး လာပြောတာတွေ မရှိဘူး တပ်ကဘဲ အလံအနီတွေ လာစိုက်တယ် အံ့ဩတယ် စိုက်ပြီးမှ သိရတယ်။ ကျွန်တော်တို့ ပြည်သူလူထုတွေ မသိဘဲ လာစိုက်နေတာ ခင်များတို့ ဘာလုပ်မလဲဆိုတော့ ဖြတ်လမ်းလုပ်မလို့ လို့ပြောတယ်” ဟု ဆိုသည်။
စစ်ကောင်စီတပ်က ကောင်ကထောင်ရပ်ကွက်ရှိ စစ်ကောင်စီတပ် ဗျူဟာရုံးမှ လေယာဉ်ကွင်းလမ်းဆုံအထိ ဖြတ်လမ်းဖောက်လုပ်ရန်အတွက်ဖြစ်ပြီး စပါးရိတ်သိမ်းပြီးချိန်တွင် လုပ်ငန်းစရန် စီစဉ်နေကြောင်း သိရသည်ဟု သူကဆက်ပြောသည်။
လယ်ကွက်တွင် ဩဂုတ်လ ၂၈ ရက်နေ့က လေယာဉ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းရုံးမှ ဝန်ထမ်းများက လမ်းနယ်မြေသတ်မှတ်သည့် အလံအနီများ လိုက်လံစိုက်ထူခြင်းသည်။
ဒေသခံပြည်သူ ၁၆ ဦး၏ လယ်မြေ ၂၆.၃၃ ဧကကို ယခုကဲ့သို့ လမ်းဖောက်လုပ်မည့်အပေါ် လုံးဝကန့်ကွက်ကြောင်း အမည်မဖော်လိုသည့် အခြားဒေသခံ လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။
“သဘောမကျဘူး ဆုံးရှုံးမှုတော့ အများကြီးရှိတယ်။ လုံးဝ ကန့်ကွက်တယ် လမ်းလုပ်မယ့်ကိစ္စကတော့ သဘောမတူဘူး ကျွန်တော်တို့ လယ်ပိုင်ရှင်တွေကိုလည်း ဘာမှမပြောဘူး။ ညှိနှိုင်းမှုတွေ ဘာမှ မရှိဘူး။ မင်းတို့ဟာပါလား မပါလားလည်း လာမမေးဘူ” ဟုသူကပြောသည်။
ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခ.လ.ရ) ၄၆ နှင့် ခ.လ.ရ ၁၃၈ ရှိပြီး လူဦးရေ (၆၃၈၆၉) ဦးနေထိုင်သည့် မြို့နယ်တစ်ခုဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ