ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်အတွင်းရှိ တန်ဂျာကျေးရွာအနီးတွင် ဩဂုတ်လ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများသည် လုံရှာယန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရာမှ ယမန်နေ့က နေရပ်ပြန်သွားကြကြောင်း သိရသည်။

စားနပ်ရိက္ခာအခက်အခဲကြောင့် ပူတာအိုမြို့နယ် တန်ဂျာဒေသခံစစ်ရှောင်အချို့ နေရပ်ပြန်

 

ထွက်ပြေးတိမ်းရှောင်နေသော တန်ဂျာဒေသခံအားလုံး နေရပ်ပြန်သွားခြင်းမဟုတ်ဘဲ ဒေသခံအချို့သာ စားနပ်ရိက္ခာကြောင့် နေရပ်ခေတ္တပြန်၍ တောင်ယာလုပ်ငန်းသွားရောက်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ကနေ ပြန်ကြပြီဟုတ်တယ်။ တခြားနေ့တွေမှာ စစ်ကောင်စီတွေက ရွာထဲမှာရှိနေပေမယ့် ဒီရက်ပိုင်းကျတော့ သူတို့လည်းမရှိနေတာနဲ့ လက်ရှိတိုက်ပွဲကလည်း နည်းနည်းပြန်ငြိမ်နေပြီဆိုတော့ ပြန်ကြတဲ့ သူတွေအနေနဲ့ တောင်ယာအလုပ်သွားလုပ်တဲ့ သဘောနဲ့ ပြန်တာပဲဟုတ်တယ်။ အထုပ်အပိုးတွေ အားလုံးယူပြီး ပြန်တာမဟုတ်ဘူး။ လုံရှာယန်မှာပဲ လုံခြုံတဲ့အထိနေချင်ပေမယ့် ကြာရင်တော့ အစားအသောက်တွေ ခက်ခဲနေမှာ စိုးတာနဲ့ ထောက်ပံ့တဲ့သူတွေလည်း ခက်ခဲမှုရှိတာကြောင့် ကိုယ်လုပ်မှ ကိုယ်စားရမှာမို့ တောင်ယာပြန်လုပ် ကြတာပါ” ဟု ပြောသည်။
နေရပ်ပြန်လည်ရောက်ရှိသွားသော တန်ဂျာဒေသခံအချို့သည် တိုက်ပွဲထပ်မံဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်လျက်ရှိနေကြသည်ဟု သူကဆက်ပြောသည်။
တန်ဂျာကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်ရှိကာ ဒေသခံလူဦးရေစုစုပေါင်း ၅၈၉ ဦး ရှိပြီး ၃၅၀ဦးခန့် လုံရှာယာန်သို့ ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။
မြစ်ကြီးနား-ပူတာအို လမ်းမကြီးပေါ်တွင်ရှိသည့် တန်ဂျာကျေးရွာအနီးတွင် လွန်ခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့က စစ်ကောင်စီနှင့် KIA အဖွဲ့တို့အကြားဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးခဲ့ကြောင်းသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ