မိုးညှင်းပြည်သူများ၏ အလှူငွေဖြင့် အောက်စီဂျင်စက်ရုံ စတင်ဆောက်လုပ်နေ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ပြည်သူများ၏ စုပေါင်းလှူဒါန်းငွေများဖြင့် သိန်းတစ်ထောင်ကျော်ကုန်ကျမည့် အောက်စီဂျင်စက်ရုံကို စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း သိရသည်။

မိုးညှင်းပြည်သူများ၏ အလှူငွေဖြင့် အောက်စီဂျင်စက်ရုံ စတင်ဆောက်လုပ်နေ

 

ပြည်သူများ၏လှူဒါန်းမှုဖြင့် တည်ဆောက်နေသည့် အဆိုပါ အောက်စီဂျင်စက်ရုံသည် လာမည့် စက်တင်ဘာလမှစ၍ အောက်စီဂျင်ရရှိနိုင်မည်ဟုခန့်မှန်းထားကြောင်း တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“အောက်စီဂျင်စက်ရုံဆောက်ဖို့ အဖွဲ့တွေဖွဲ့ပြီး အလှူငွေစကောက်တာပေါ့။ ကုမ္ပဏီတွေတို့ တစ်သီးပုဂ္ဂလတို့အနေနဲ့ တတ်နိုင်သလောက် အားလုံးဝိုင်းထည့်ကြတာပေါ့နော်။ မနေ့ကမှ တိုင်တွေစထောင်ပြီး စဆောက်တာပေါ့။ အောက်စီဂျင်စက်ကတော့ နောက်အပတ်ထဲမှာ ရောက်မယ်လို့တော့ကြားတယ်” ဟု ပြောသည်။
အောက်စီဂျင်စက်ရုံအား အောင်သပြေရပ်ကွက်တွင် ဆောက်လုပ်နေပြီး တည်‌ဆောက်ပြီးစီးပါက တစ်ရက်လျှင် ၄၀ လီတာအိုး ၅၀ ခန့် ထုတ်ပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သူကပြောသည်။
မိုးညှင်းမြို့၌ အောက်စီဂျင်ပြတ်လပ်ချိန်တွင် အခြားမြို့နယ်များသို့ သွားရောက်ယူနေရခြင်းမှာလည်း အခက်အခဲတစ်ခုဖြစ်နေကြောင်း သူက ဆက်ပြောသည်။
“အောက်စီဂျင်စက်ရုံကတော့ ကျွန်တော်ကတော့ မြန်မြန်ပြီးစေချင်တယ်။ ဒါမှပဲ ကျွန်တော်တို့ မြို့အတွက် စိတ်ချရမှာပေါ့လေ။ မဟုတ်ရင် ကျွန်တော်တို့က အောက်စီဂျင်လိုရင် ဖားကန့်ပြေးလိုက် မြစ်ကြီးနား ပြေးလိုက်နဲ့ ပြေးနေရတာ။ အဲ့လိုသွားယူလို့ သွားယူတဲ့သူတွေအားလုံး positive ဖြစ်တာလည်းရှိခဲ့ဖူးတယ်” ဟု ပြောသည်။
မိုးညှင်းမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ (၃၀) ဦးနှင့် ပိုးတွေ့ရှိသူစုစုပေါင်း (၁၃၇၅)ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၂၆ ရက်နေ့အထိ ထုတ်ပြန်ချက်အရသိရသည်။
Photo : CJ
သင့်ထင်မြင်ချက်ရေးပေးပါ