နောင်မွန်တွင် ဒေသခံလူငယ်များကို ဓားဖြင့်ခုတ်ခဲ့သည့် ဝန်ထမ်းများကို အမှုဖွင့်
ကချင်ပြည်နယ်၊ နောင်မွန်မြို့ရှိ ဆောက်လုပ်ရေးဦးစီးဌာနဝင်းအတွင်း ဩဂုတ်လ ၂၂ ရက်နေ့က ဒေသခံလူငယ်များကို ဓားဖြင့်ခုတ်ခဲ့သည့် ဝန်ထမ်းများကို အမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

နောင်မွန်တွင် ဒေသခံလူငယ်များကို ဓားဖြင့်ခုတ်ခဲ့သည့် ဝန်ထမ်းများကို အမှုဖွင့်

ပြစ်မှုကျူးလွန်သူများတွင် အစိုးရဝန်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများပါဝင်ပြီး တစ်ဦးကိုရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ဒဏ်ရာရရှိသူများ၏ မိသားစုဝင်တစ်ဦးက The 74 Mediaကိုပြောသည်။
“အမှုတော့ဖွင့်ထားတယ် တရားခံတွေကို အဲ့ညကတည်းနေ ဖမ်းထားပြီ။ ဓားခုတ်တဲ့သူကိုပဲ ဖမ်းထားတာ၊ ဆိုင်ပိုင်ရှင် အမျိုးသမီးရဲ့ မောင်၊ ကျန်တဲ့သူတွေက အမှုမှာပါတယ် မီးသတ်မှူးပါတယ်၊ ကုမ္ပဏီဆိုဒ်က လူတွေပါတယ်” ဟုသူကပြောသည်။
ထိခိုက်ဒဏ်ရာရရှိသူများမှ နှစ်ဦးသည် လက်ရှိ ပူတာအိုဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ပြီး ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိကြောင်း သူကဆက်ပြောသည်။
“ထိထားတဲ့သူတွေက သုံးယောက်ပေါ့ ဒီမှာကုလို့မရလို့ ပူတာအိုကိုလွဲလိုက်တာ။ တစ်ယောက်က မျက်လုံးထိထားတယ် မနေ့ကတော့ မမြင်ရဘူး ဒီနေ့တော့နည်းနည်းမြင်ရပြီ။ တစ်ယောက်က ခေါင်းထိတယ် တစ်ယောက်က လက်လုံးဝကျိုးသွားတာ၊ နောက်ထပ်နည်းနည်းသာပိုဆိုးရင် အသက်အန္တာရယ် စိုးရိမ်ရနိုင်တယ်တဲ့” ဟု သူကပြောသည်။
ဆောက်လုပ်ရေးဝင်းအတွင်း ထမင်းဆိုင်နှင့် ကာရာအိုကေတွဲ၍ ဖွင့်လှစ်ထားသောဆိုင်တွင် အစ်ကိုဖြစ်သူက ညီမဖြစ်သူကို လာရောက်ခေါ်ယူရာ ပြန်မလွတ်သောကြောင့် ရန်ဖြစ်စကားများရာမှ ဓားခုတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နောင်မွန်မြို့သည် လူဦးရေ (၇၈၅၄) နေထိုင်ကာ အများစုမှာ တောင်ယာအလုပ်ကိုသာ အဓိကလုပ်ကိုင်ပြီး ယခင်က ကာရာအိုကေဆိုင် ဖွင့်လှစ်ထားမှုမရှိသော မြို့တစ်မြို့ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ