မြစ်ကြီးနားမြို့တွင် ပွိုင့်ဖိနပ်များ​ ရောင်းချခြင်းမပြုရန် စစ်​ကောင်စီ တားမြစ်ထား
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဖိနပ်အ​ရောင်းဆိုင်များတွင် စစ်သုံးပွိုင့်ဖိနပ်များ ​ရောင်းချခြင်းမပြုရန် စစ်ကောင်စီက တားမြစ်ထား​ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ပွိုင့်ဖိနပ်များ​ ရောင်းချခြင်းမပြုရန် စစ်​ကောင်စီ တားမြစ်ထား

 

မြစ်ကြီးနားမြို့ရှိ ​စျေး(၁) နှင့် ဈေး (၂) အတွင်းရှိ ဖိနပ်ဆိုင်များ၊ မြို့တွင်းရှိ အခြားဖိနပ်ဆိုင်များ စုစု​ပေါင်း ၈ ဆိုင်ထက်မနည်းကို The 74 Media က လိုက်လံ​မေးမြန်းခဲ့ရာ ​ပွိုင့်ဖိနပ် ရောင်းချခြင်းမ​ပြုရန် စစ်​ကောင်စီက တားမြစ်ထား​ကြောင်း စုံစမ်းသိရှိရသည်။
“အဲ့ဖိနပ်တွေသိမ်းထားတာ ကြာပြီ။ မရောင်းခိုင်းလို့လေ။ ခါတိုင်းကတော့ ရောင်းတယ်။ မရောင်းခိုင်းတာကြာပြီ ဒီနိုင်ငံရေးအခြေအနေကြောင့် နေမှာပေါ့” ဟု ဖိနပ်ဆိုင်ပိုင်ရှင်တစ်ဦးက The 74 Media ကိုပြောသည်။
လက်ရှိနိုင်ငံရေးအခြေအနေကြောင့် စစ်ကောင်စီမှ လိုက်လံတားမြစ်ထားခြင်းဖြစ်နိုင်သည်ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“အဓိကက တောကလူတွေနဲ့ ဆက်စပ်မှုရှိမှာစိုးလို့နေမှာ။ ပွိုင့်ဖိနပ်က စစ်အသုံးအ​ဆောင်ဖြစ်ပြီး စစ်သား တစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ ဖိနပ်ဖြစ်နေတော့ မရောင်းခိုင်းတာကြာပြီလို့လည်း ကြားရတယ်။ ခါတိုင်းရောင်းနေကျဆိုင်တွေမှာတောင် ပွိုင့်ဖိနပ်မရှိနေဘူး။ မရောင်းခိုင်းတာကတော့ စစ်တပ်ကဟုတ်တယ်” ဟု ပြောသည်။
ပွိုင့်ဖိနပ်သည် စစ်ဘက်ဆိုင်ရာအသုံးအ​ဆောင် ပစ္စည်းတစ်ခုဖြစ်သော်လည်း တောင်ယာလုပ်ကိုင်သူများ၊ တောလိုက် မုဆိုးများ၊ ​ရွှေ​မှော်များ၊ ​ကျောက်စိမ်း​မှော်များ နှင့် တောင်တက်သူများလည်း အသုံးပြုကြောင်း သူကဆက်ပြောသည်။
စစ်​ကောင်စီက ပွိုင့်ဖိနပ်များ ​ရောင်းချခြင်းမပြုရန် ဖိနပ်ဆိုင်များကို ရုံးစာ (သို့မဟုတ်) နှုတ်မိန့်ဖြင့် မည်ကဲ့သို့တားမြစ်ထားသည်ကို The 74 Media က ဆက်လက်စုံစမ်း​နေဆဲဖြစ်သည်။
မြစ်ကြီးနားမြို့တွင် လက်ရှိအချိန်၌ ပွိုင့်ဖိနပ် တစ်ရံလျှင် ငါး​ထောင်ကျပ် ဝန်းကျင်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတွင် ပွိုင့်ဖိနပ်အဖြစ်လူသိများသည့် စစ်ဖိနပ်သည် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) က ၁၉၆၅ ခုနှစ်တွင် စတင်အသုံးပြုခဲ့သည့် PLA Liberation Shoe ဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ