မြစ်ကြီးနားတွင် ပရဟိတအသင်းက မှာယူထားသည့် အောက်ဆီဂျင်စက် ရောက်ရှိ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ပရဟိတအသင်းတစ်ခုက မှာယူထားသော အောက်ဆီဂျင်စက်တစ်လုံး ယနေ့ ဩဂုတ်လ ၂၆ ရက် နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားတွင် ပရဟိတအသင်းက မှာယူထားသည့် အောက်ဆီဂျင်စက် ရောက်ရှိ

 

မြစ်ကြီးနားမြို့ ပေးဆပ်သူ (အခမဲ့) လူမှုကူညီရေးအသင်းမှ မှာယူထားသော အောက်ဆီဂျင်စက်မှာ တစ်နာရီလျှင် ၄၀ လီတာအိုး ဆယ်လုံးထုတ်ယူနိုင်မည်ဖြစ်သည်ဟု အသင်းမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“အခုမှဘဲ စက်ချတာ မနက်ဖြန်မှဘဲ စက်စမ်းသပ်မှာ၊ အောက်ဆီဂျင်ထွက်ပြီဆိုတာနဲ့ ကျွန်တော်တို့ပေးဖို့ လုပ်နေပါတယ်။ မြို့နယ်တိုင်းကို ပေးဖို့ရှိတယ်” ဟု သူကပြောသည်။
ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်အရေအတွက်နှင့် လိုအပ်မှုပေါ်မူတည်ပြီး အခြားမြို့များကို ခွဲပေးမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
အောက်ဆီဂျင်စက်၏ ခန့်မှန်းခြေ ကုန်ကျစရိတ်သည် ငွေကျပ် သိန်းတစ်ထောင်လေးရာ ရှိပြီး စက်သယ်ယူရာတွင် တွဲကားများကို အလှူရှင်များက အခဲမဲ့ စီစဉ်ပေးကြောင်းသိရသည်။
ပေးဆပ်သူ(အခမဲ့) လူမှုကူညီရေးအသင်းသည် ကိုဗစ်တတိယလှိုင်းအတွင်း မြစ်ကြီးနားမြို့၌ အောက်ဆီဂျင် လိုအပ်သူများနှင့် ကွယ်လွန်သွားသူများ၏ နာရေးကို တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ