ဗိုလ်မှူးကြီးနော်ဘူ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) အနေဖြင့် ပြည်သူနှင့်အတူရပ်တည်ကာ တော်လှန်ရေးခရီးကို ဆက်လက်လျှောက်လှမ်းမည်ဟု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောကြားလိုက်သည်။

KIO/KIA က ယနေ့ထုတ်ပြန်သည့် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး The 74 Media က မေးမြန်းရာတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စိတ်ရှုပ်ထွေးမှုများမဖြစ်စေလိုကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ပြည်သူတွေအနေနဲ့လည်း ကေအိုင်အိုရဲ့ ထုတ်ပြန်ချက်အပေါ် စိတ်ဝေဝါးတာနဲ့ စိတ်ရှုပ်ထွေးတာတွေ မရှိခိုင်းစေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ၊ ကျွန်တော်တို့ လျှောက်လမ်းရမယ့် တော်လှန်ရေးခရီးလမ်းကို ကျွန်တော်တို့ပြည်သူတွေနဲ့ သဘောတူထားတဲ့အတိုင်း ကျွန်တော်တို့ ဆက်လက်လျှောက်လမ်းသွားမှာပါ” ဟု ပြောသည်။

ကေအိုင်အိုအနေဖြင့် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသည့် နိုင်ငံရေးပြဿနာကို အစုအဖွဲ့အားလုံးနှင့် ဆွေးနွေးတိုင်ပင်သည့်နည်းလမ်းဖြင့် အဖြေရှာရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ကျွန်တော်တို့က မဟာဗျူဟာကျကျပေါ့နော်၊ စစ်တိုက်တာကို တတ်နိုင်သလောက်လျှော့ချပြီး ဆွေးနွေးကြရင် ကောင်းတယ်လို့၊ ဆွေးနွေးတယ်ဆိုတာလည်း ကျွန်တော်တို့ KIO တွေနဲ့ စစ်ကောင်စီတပ်တွေပဲ ဆွေးနွေးမယ်လို့ ပြောချင်တာမဟုတ်ဘူး၊ ဆွေးနွေးသင့်တဲ့သူ၊ ဆွေးနွေးလို့ရမယ့်သူတွေနဲ့ပေါ့၊ တွေ့ဆုံညှိနှိုင်းလို့ရတဲ့ အင်အားစုတွေနဲ့ တွေ့ဆုံဖြေရှင်းသွားပြီး တိုက်ပွဲတွေကို ရှောင်လွှဲနိုင်ရင် ပြည်သူတွေအတွက် အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်တာကို ပြောချင်တာပါ” ဟု ဆိုသည်။

အချက်ငါးချက်ပါဝင်သည့် ကေအိုင်အို၏ ထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများ၏ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်များ ပိတ်ဆို့သွားကြောင်း၊ ကိုဗစ်၁၉ ကပ်ရောဂါပိုမိုဆိုးဝါးလာပြီး သေဆုံးသွားသူများအတွက် ကေအိုင်အိုအနေဖြင့် စိတ်မကောင်းဖြစ်မိကြောင်း၊ ကိုဗစ်၁၉ ကပ်ရောဂါကို တားဆီးတိုက်ဖျက်နိုင်ရန် အိမ်နီးချင်းနိုင်ငံများနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုများကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ ဆက်လက်ပြီး ပူးပေါင်းပါဝင်ရန် အသင့်ရှိပါကြောင်း၊ တိုက်ပွဲများဖြစ်ပွားခြင်းသည် ပြည်သူများအတွက် အကျိုးမရှိသဖြင့် မှန်ကန်သည့်လမ်းကြောင်းဖြင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် တိုက်ပွဲကို ရှောင်ရှားနိုင်ပါက အကောင်းဆုံးဖြစ်မည်ဖြစ်ကြောင်းနှင့် ကေအိုင်အိုဗဟိုကော်မတီအနေဖြင့် တိုက်ပွဲများကို ရှောင်ရှားပြီး နိုင်ငံရေးပြဿနာများကို မှန်ကန်သည့်နည်းလမ်းဖြင့် ဖြေရှင်းရန်လိုလားကြောင်းပါဝင်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့တွင် ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့်နောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) နှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်စခန်း ဆယ်ခုကျော်ကို ကေအိုင်အေက သိမ်းဆည်းနိုင်ခဲ့သည်။

ကချင်ပြည်နယ်အတွင်းရှိ ဖားကန့်၊ မိုးမောက်၊ မံစီနှင့် ရွှေကူမြို့များတွင် ဧပြီလမှစတင်ကာ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ မြို့နယ်အများစုတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

Photo Credit – MM Peace Monitor

သင့်ထင်မြင်ချက်ရေးပေးပါ