ဖောင်းပြင်မြို့နယ်တွင် We Love Kaya ပရဟိတအဖွဲ့က ဦးဆောင်ပြီး ဆေးခန်းဖွင့်၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်တွင် ပြည်သူမှ ပြည်သူသို့ We Love Kaya ပရဟိတ အခမဲ့ဆေးခန်းကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ကာ ကိုဗစ်၁၉ လူနာများအပြင် အခြားလူနာများကို ကုသပေးနေကြောင်း သိရသည်။

လတ်တလော ကိုဗစ်၁၉ ကာလအတွင်း ကျေးရွာနေပြည်သူများအတွက် တာဝန်ခံကုသပေးမည့် ဆေးပညာတတ်ကျွမ်းသူများ မရှိသောကြောင့် အဘယာရာမကျောင်းတိုက်ရှိ စာကြည့်တိုက်တွင် ပရဟိတ အခမဲ့ဆေးပေးခန်း ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ဆရာတော် အရှင်စာရိန္ဒက The 74 Media ကိုမိန့်သည်။

ဖောင်းပြင်မြို့နယ်တွင် We Love Kaya ပရဟိတအဖွဲ့က ဦးဆောင်ပြီး ဆေးခန်းဖွင့်၊ ဆေးဝါးနှင့် ပစ္စည်းကိရိယာများလိုအပ်နေ

 

“အခုအချိန်မှာ ဦးဇင်းတို့အရပ်တွေရော ကျန်တဲ့အရပ်တွေရောက ဒီရောဂါပိုးနဲ့ ပတ်သတ်လာရင် လုံခြုံမှု လုံးဝမရှိတော့ဘူး။ ဘယ်သူမှ တာဝန်ခံလုပ်ပေးတဲ့သူမရှိတော့ဘူး။ ဦးဇင်းတို့ရွာမှာဆို ခုချိန် ဂိတ်စောင့်တွေ ဘာတွေဆိုတာ ဘာမှမရှိဖြစ်နေတယ်။
လောလောဆယ်ဖြစ်နေတဲ့ အနေအထားနဲ့ ရောဂါရဲ့ အခြေအနေက လုံးဝကြီးအဆင်မပြေဘူး။ အဲ့တာကြောင့် ကျန်းမာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေ ပရဟိတအဖွဲ့နဲ့ အဓိကတော့ ကျန်းမာရေးပဲ၊ ဦးဇင်းက ခေါင်းဆောင်ပေးတာလောက်ပဲရှိတာပေါ့” ဟုဆရာတော်က မိန့်သည်။
ဆေးခန်းတွင် ပရဟိတအဖွဲ့ဝင် ၃၀ ကျော်ရှိပြီး လိုအပ်သည့် လိုအပ်သော ဆေးဝါးကုသမှုများကို အခမဲ့လုပ်ဆောင်ပေးနေကြောင်း သိရသည်။
ကရာကျေးရွာရှိ ကွာရန်တင်းစင်တာတွင် ကိုဗစ်၁၉ အတည်ပြုလူနာသုံးဦးရှိပြီး ကိုဗစ်လက္ခဏာဖြင့် သေဆုံးသူမရှိသေးသော်လည်း ပိုးတွေ့လူနာတိုးလာပါက အောက်ဆီဂျင် အခက်အခဲဖြစ်နိုင်ကြောင်း ဦးဇင်းက ဆက်မိန့်သည်။
“ဆေးခန်းမှာ Mask နဲ့ လက်အိတ်လောက်ပဲကိုင်နိုင်တယ် PPE က ၄ ခုလောက်ပဲရှိတယ်။ အောက်ဆီဂျင်က ၄၀ လီတာ နှစ်ဘူးနဲ့ ၂၀ လီတာ တစ်ဘူးတော့ ရှိတယ်။ ဟုမ္မလင်းမှာ သွားထည့်တယ်။ မုံရွာမှာ သွားယူရတာ ပိုများတယ်။ အောက်ဆီဂျင်လိုအပ်တဲ့ လူနာက ၃% လောက်ရှိလာရင်တော့ လုံးဝမလောက်ဘူး” ဟုဆရာတော်က မိန့်သည်။
ဆေးပေးခန်းဖွင့်လှစ်ထားသည်မှာ တစ်ပါတ်ခန့်ရှိပြီဖြစ်ပြီး နေ့စဉ်လာရောက် ဆေးကုသခံယူသူ ၃၀ ဦးခန့်ရှိသည်။

စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ကရားကျေးရွာသည် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး လူဦးရေ ၁၅၀၀ ခန့် နေထိုင်သော ဒေသဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ