ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နမ္မတီးမြို့ရှိ KBC စစ်ရှောင်စခန်းတွင် ဩဂုတ်လ ၂၃ရက်နေ့က ပထမဆုံး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ကြောင်း သိရသည်။
စစ်ရှောင်စခန်းတွင် နေမကောင်းသူများရှိလာသောကြောင့် ၂၅ဦးကို စစ်ဆေးကြည့်ရာ ၆ဦး၌ ကိုဗစ်ပိုးတွေ့ရှိကြောင်း တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။
“ပထမဦးဆုံးအကြိမ် ပိုးစတွေ့တာပဲ။ လော့ဒေါင်းအနေနဲ့ သတ်မှတ်ပြီးနေနေတာကတော့ တစ်လနည်းနည်းကျော်လာပြီ။ တချို့က မထွက်မနေရဖြစ်လို့ ထွက်တဲ့သူ တချို့လည်း ရှိတာပေါ့လေ။အရင်အပတ်ကစပြီး တချို့က နေမကောင်းဖြစ်ကြပြီး ကိုဗစ်လက္ခတွေပြလာတော့ စစ်ဖြစ်သွားတာပေါ့”ဟု ပြောသည်။
ကိုဗစ်ပိုးတွေ့ရှိခဲ့သူ ၆ဦးသည် အသက် ၂၀ မှ ၄၀ နှစ်အတွင်းဖြစ်ပြီး ကိုယ်ဝန်ဆောင်နှင့် နို့စို့အရွယ်ကလေးလည်းပါဝင်ကြောင်းသူကပြောသည်။
လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိသူများကို နမ္မတီးဆေးရုံရှိ အဆောင်တွင် သီးသန့်ထား၍ စောင့်ကြည့်ကုသပေးနေပြီး စစ်ရှောင်များဖြစ်သည့်အတွက် ခက်ခဲနေကြောင်း သူကဆက်ပြောသည်။
“စစ်ရှောင်ပြည်သူတွေကို အပြင်ထွက်ဖို့တားမြစ်ထားတော့ အစားအသောက်အတွက်တော့ အရမ်းခက်ခဲ နေတာပေါ့။ ကူညီပေးကြတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် မကူညီနိုင်တာတွေလည်း ရှိတော့ ပိုခက်ခဲနေကြတာ။ ကိုဗစ်စစ်ဆေးတဲ့ကိရိယာ၊ ဆေးဝါးနှင့် အစားအသောက်တွေလည်း တတ်နိုင်သလောက် ဝိုင်းဝန်းကူညီပေးကြဖို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။
ပိုးတွေ့ရှိခဲ့သည် နမ္မတီး KBCစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၁၁ စုနှင့် လူဦးရေ ၈၆၅ ဦးရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ ၂၂ ဦးနှင့် ပိုးတွေ့ရှိသူစုစုပေါင်း ၁၂၇၅ ဦးရှိကြောင်း စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ ဩဂုတ်လ ၂၄ ရက်နေ့အထိ ထုတ်ပြန်ချက်အရသိရသည်။