ကောလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူတစ်ဦး၏ နေအိမ်ဖျက်ဆီးပြီး နွားတစ်ကောင်သတ်ဖြတ်
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ သဲကောကျေးရွာတွင် ယနေ့ဩဂုတ်လ ၂၄ ရက်၊ နံနက် ၇နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြည်သူတစ်ဦး၏ နေအိမ်တစ်အိမ်နှင့် တဲတစ်လုံးကို ဖျက်စီးခဲ့ပြီး နွားတစ်ကောင်ကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူတစ်ဦး၏ နေအိမ်ဖျက်ဆီးပြီး နွားတစ်ကောင်သတ်ဖြတ်

 

တုံးတင်တပ်ရွာရှိ စာသင်ကျောင်းတွင် ယမန်နေ့ညက တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အင်အားတစ်ရာကျော်ဖြင့် ဝင်ရောက်လာပြီး အကြောင်းမဲ့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အင်အား ၁၀၀ ကျော် လောက်ရှိတယ်။ ဒီမနက်တော့ သဲကောရွာက ကိုမျိုးလှိုင်ဝင်းရဲ့ အိမ်ကိုရိုက်ဖျက်ပြီး တဲကိုမီးရှို့ပြီး နွားတစ်ကောင်ရောပစ်သတ်သွားတာ။ သူတစ်ယောက်တည်းရဲ့ အိမ်၊ တဲ လည်းသူ့ရဲ့ တဲ ပဲ” ဟု သူကပြောသည်။
ရွာရှိဒေသခံပြည်သူအချို့မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရွာအတွင်းသို့ ဝင်လာသောကြောင့်ထွက်ပြေးတိမ်းရှောင်နေကြောင်း သူက ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် တုံးတင်တပ်ကျေးရွာ၊ နှောကုန်းကျေးရွာ၊ သဲကောကျေးရွာနှင့် ဇီးဖြူကုန်းကျေးရွာ တို့တွင်လည်း ယမန်နေ့ ဩဂုတ်လ ၂၃ ရက်နေ့က တစ်အိမ်တက်ဆင်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး တိုက်ပွဲများ မကြာခနဖြစ်ပွားလေ့ရှိသည်။
သင့်ထင်မြင်ချက်ရေးပေးပါ