ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးခြောက်ဦးကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုထပ်ဖွင့်

မြစ်ကြီးနားအကျဉ်းထောင်တွင် ပုဒ်မအသီးသီးဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီး ခြောက်ဦးကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့် လိုက်ကြောင်းသိရသည်။

 

ကချင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးခြောက်ဦးကို စစ်ကောင်စီက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုထပ်ဖွင့်

 

ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီးများဖြစ်သော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးဒရှီလဆိုင်း၊ ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) ဖြင့် ထပ်မံအမှုဖွင်ခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝေလင်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့် တို့သည် ၂၀၁၇-၂၀၁၈ခုနစ်က မြစ်ကြီးနား-ဗန်းမော်လမ်း AC ကတ္တရာ လမ်းခင်းရာတွင် တင်ဒါခေါ်ယူခြင်းမရှိဘဲ နိုင်ငံတော်သို့ အပ်နှံရမည့် ကျပ် ၁၁ ဘီလီဘံဖြင့် ပုဂ္ဂလိကကုမ္ပဏီတစ်ခုအား ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း၊ လမ်းအရည်အသွေးမပြည့်မီသဖြင့် ပြန်လည်ပြုပြင်ရခြင်းတို့ကြောင့်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုရခြင်းဖြစ်ကြောင်း ရေးသားထားသည်။
၂၀၂၀ ခုနှစ်အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန် တစ်သောင်းအား လေလံစနစ်ဖြင့် ရောင်းချခဲ့ရာတွင် တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာမှုမရှိခြင်း၊ သတ္တုတွင်းဦးစီးဌာန၏ ဒေသပေါက်ဈေး သတ်မှတ်မှုထက် ဈေးနှုန်းလျှော့၍ ကုမ္ပဏီနှစ်ခုအား ရောင်းချခဲ့သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊ သလင်းကျောက် ရောင်းချရရှိငွေ၏ ၂၀ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် ၇၂ သန်းကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းမှုမရှိခြင်းတို့ကြောင့်ဟုဆိုကာ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝေလင်းနှင့် သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်း တို့ကို တရားစွဲခြင်းဖြစ်ကြောင်းသိရသည်။
ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝေလင်းတိုကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် ကျပ်သိန်း ၁၄၀၀၀ ကျော် ထပ်မံသုံးစွဲခဲ့သောကြောင့် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာနက ဘဏ္ဍာရေး စည်းကမ်းနှင့် မကိုက်ညီကြောင်း တင်ပြခဲ့သော်လည်း ပြည်နယ်အစိုးရအဖွဲ့က ဆက်လက် သုံးစွဲ ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးစေခဲ့သည့်ဟုဆိုကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ဒေါက်တာခက်အောင်နှင့် ဦးဝေလင်းတို့ကို ၂၀၁၉-၂၀၂၀ ခုနစ်က မြစ်ကြီးနားမြို့ရှိ ရပ်ကွက်သုံးခုတွင် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကွန်ကရစ်ရေပြွန်တည်ဆောက်ခြင်း ငွေကျပ် ၂၄၈ သန်းကျော်အား တင်ဒါခေါ်ယူဆောင်ရွက်မှု မရှိခြင်းတို့ကြောင့် နိုငံတော်ဘဏ္ဍာငွေ ဆုံးရှုံးစေခြင်းဟုဆိုကာ တရားစွဲဆိုခြင်းဖြစ်သည်ဟု စစ်ကောင်စီကဆိုသည်။
ဆက်လက်ပြီး ဘဏ္ဍာအခွန်ဝန်ကြီး ဦးဝေလင်းသည် ၂၀၁၉ ခုနှစ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည်လမ်းတွင် ဖမ်းဆီးရမိသော ဓာတ်မြေဩဇာများ လေလံတင်ရောင်းချရရှိသော ငွေကျပ် ၅၂၅ သန်းကျော်အနက် ဖမ်းဆီးရာတွင်ပါဝင်သော အဖွဲ့များအား ဆုကြေးငွေကျပ် ၁၅၇ သန်းကျော်ကို ခွဲဝေပေးရာတွင် ၎င်းအတွက် ငွေကျပ် ၅၇ သန်းကျော်အား ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းအပြင်၂၀၂၀ နှစ်အတွင်း မိုးကောင်းမြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြကာ စီးပွားရေးလုပ်ငန်းရှင် ကုမ္ပဏီပိုင်ရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ တောင်းခံရယူခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
လ.ဝ.က ဝန်ကြီး ဦးဇော်ဝင်းကိုမူ ၂၀၁၉ နှင့် ၂၀၂၀ခုနှစ်အတွင်းက နယ်စပ်စစ်ဆေးရေးဂိတ် ဝန်ထမ်းများထံမှ သစ်သီးဂျပ်ဖာများ၊ ငွေနှင့် ပစ္စည်း ငွေကျပ် ၂၁ သိန်းခန့်ကို လက်ခံရယူခဲ့ခြင်းကြောင့် တံစိုးလက်ဆောင် လက်ခံသည်ဟုဆိုကာ ဤအချက်ဖြင့် အမှုဖွင့်ခဲ့ကြောင်းသိရသည်။
သယံဇာတဝန်ကြီးဦးဒါရှီလဆိုင်းကို ၂၀၁၉နှင့် ၂၀၂၀ခုနှစ်အတွင်းက ပြည်နယ် NLD ပါတီရုံးနှင့် ဖားကန့်မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန်အတွက် ကျောက်မျက်လုပ်ငန်းရှင်များထံမှ ငွေကျပ် သိန်း ၉၆၀ ကို တောင်းခံရယူခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းညွန့်သည် ၂၀၁၉နှင့် ၂၀၂၀ ခုနှစ်အတွင်းက ဝိုင်းမော်မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန် အကြောင်းပြကာ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်း ၂၀၀ ကိုလည်းကောင်း၊ နေပြည်တော် ပါတီသုတေသနရုံး လိုအပ်သော ပစ္စည်းများဝယ်ယူရန် အကြောင်းပြကာ ငွေကျပ် သိန်း ၂၅၀ တို့ကိုလည်းကောင်း တောင်းခံခဲ့သောကြောင့် အဂတိလိုက်စားမှုကျူးလွန်သည်ဟုဆိုကာ တရားစွဲခြင်းဖြစ်ကြောင်းသိရသည်။
ထို့အပြင် လူမှုရေးဝန်ကြီး ဦးနေဝင်း၊ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်နှင့် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင်သုံးစွဲခွင့်မရှိသည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃ စီးအတွက် စက်သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစားပြင်ဆင်စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံးစွဲခဲ့၍ နိုင်ငံတော်၏ ငွေကြေးများ ထိခိုက် နစ်နာဆုံးရှုံးစေခြင်းဟုဆိုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ဝန်ကြီးများဖြစ်သော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးဒါရှီလဆိုင်း၊ ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) ဖြင့်တရားစွဲဆိုထားပြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ကို ပုဒ်မ (၅၆) ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်။
၎င်းတို့ကို မြစ်ကြီးနားမြို့မရဲစခန်းတွင် ဩဂုတ် ၂၃ ရက်နေ့က တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာတွင်ပါရှိသည်။
စစ်ကောင်စီက ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီး အများစုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၅)ဖြင့်လည်းကောင်း အချို့ကို ၅၀၅(ခ)၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) စသည့် ပုဒ်မအသီးသီးဖြင့်တရားစွဲဆိုကာ မြစ်ကြီးနားအကျဉ်းထောင်တွင်အကျဉ်းချထားပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၅) ဖြင့် အားလုံးကို ထပ်မံအမှုဖွင့်လိုက်ခြင်းဖြစ်သည်။

ဝန်ကြီးချုပ်ဒေါက်တာခက်အောင်အပါအဝင် ဝန်ကြီးအချို့၏ တရားစွဲဆိုမှုအခြေအနေကို The 74 Media မှ ဆက်လက် စုံစမ်းနေဆဲဖြစ်ပြီး ၎င်းတို့ကို အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကိုလည်း စစ်ကောင်စီက ၅၀၅-က ဖြင့် ဖမ်းဆီးကာ အကျဉ်းချထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ