ကောလင်းမြို့

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်၊ ကျောက်ပုထိုးဒေသရှိ သတ္တုတွင်းကုမ္ပဏီတစ်ခုဖြစ်သည့် ထာဝရကုမ္ပဏီဝင်းအတွင်း စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦး ဩဂုတ်လ ၁၉ ရက်နေ့က ထွက်ပြေးသွားကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လက်နက်များယူဆောင်ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
” ၁၉ ရက်နေ့ညက ထာဝရကုမ္ပဏီ ရွှေတွင်းထဲမှာချထားတဲ့တပ်ထဲက စစ်သား ၅ ယောက်ထွက်ပြေးတယ်။ လက်နက်အပြည့်အစုံနဲ့ ပြေးတာ။ သူတို့အချင်းချင်းပစ်ပြီးပြေးတာ။ ၅ယောက်ကလည်းပြန်ပစ်တာအချက် ၂၀ လောက် ရှိတယ်” ဟု သူကပြောသည်။
ကောလင်းမြို့တွင် လွန်ခဲ့သည့် ဇွန်လနှင့် ဇူလိုင်လ၌ စစ်ကောင်စီတပ်နှင့် ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကုမ္ပဏီဝင်းအတွင်း စစ်သားနှင့် ရဲများ တပ်စခန်းချထားခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ထိုတပ်စခန်းတွင် စစ်သားများက ရဲများကို ထိုးကြိတ်အနိုင်ကျင့်မှုများပြုလုပ်သောကြောင့် လွန်ခဲ့သော ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ရဲနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့ဝင်များနှင့် နီးစပ်သည့် အမည်မဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“စစ်သား ၅၀ လောက်ရှိတယ် ရဲက ၁၂ ယောက် ရှိတယ်လို့ ပြောတယ်။ ရဲတွေကိုလည်း စစ်သားတွေက ထိုးလားကြိတ်လား အနိုင်ကျင့်တယ်လို့ ပြေးလာတဲ့ ရဲနှစ်ယောက်က ပြောတယ်” ဟု သူကပြောသည်။

ကောလင်းမြို့နယ်၊ ကျောက်ပုထိုးဒေသ၌ရှိသည့် ထာဝရ သတ္ထုတွင်းကုမ္ပဏီသည် ရွှေတူးဖော်ရေးနှင့် ရွှေသန့်စင်ရေးလုပ်ငန်းများ လုပ်ကိုင်သည့်ကုမ္ပဏီဖြစ်ပြီး ရွှေသန့်စင်မှုလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီမှုများရှိသည်ဟု ဝေဖန်ခံခဲ့ရသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ