တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှင်ဗွေယန်မြို့တွင် ကိုဗစ်၁၉ ကပ်ရောဂါကို ထိန်းချုပ်နိုင်သည့် အခြေအနေ ရောက်ရှိလာသည့်အတွက် ယနေ့မှစပြီး အသွားအလာကန့်သတ်မှု (lockdown) ဖြေလျှော့လိုက်ပြီဖြစ်ကြောင်း သိရသည်။

ကိုဗစ်ပိုးတွေ့ရှိသူနည်းပါးလာပြီး ပျောက်ကင်းသွားသူများရှိလာသောကြောင့် အသွားအလာကန့်သတ်ဖြေလျှော့လိုက်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။
“ကိုဗစ်ပျောက်ကင်းတဲ့သူလည်းများလာပြီဆိုတော့ လက်ရှိစောင့်ကြည့်ကုသပေးနေတဲ့သူတွေကလည်း အရမ်းစိုးရိမ်ရတဲ့သူတွေမပါဘူး။ ရောဂါအခြေအနေအပေါ် ကြည့်ပြီး အကန့်အသတ်မရှိဖြေလျှော့တယ်ဆိုပေမယ့် အဝင်အထွက်ဂိတ်တွေကိုတော့ စစ်ဆေးမှုတွေတော့ ရှိဦးမှာပါ။ ပြည်သူတွေကို လိုအပ်ရင် တစ်အိမ်တစ်ယောက်လောက်ပဲ အပြင်ထွက်ကြဖို့ အဲ့ဒါလည်း ပြောထားတယ်” ဟု ပြောသည်။
ရှင်ဗွေယန်မြို့တွင် ဇူလိုင်လ ၁၃ ရက်နေ့စ၍ ကိုဗစ် ၁၉ ပိုးစတင်တွေ့ရှိပြီးနောက် တစ်ပါတ်အကြာတွင် အသွားအလာကန့်သတ်ခဲ့ခြင်းဖြစ်ကာ လိုအပ်ပါက ထပ်မံကန့်သတ်မည်ဖြစ်သည်ဟု သူက ဆက်ပြောသည်။
အသွားအလာကန့်သတ်မှုကို ဖြေလျှော့လိုက်သော်လည်း ရှင်ဗွေယန်မြို့အတွင်းသွားလာသူများသည် နှာခေါင်းစည်းတပ်ဆင်ရန်၊ ပါဆယ်စနစ်ဖြင့်ဈေးရောင်းချရန်၊ မြို့ပြင်ထွက်ခွင့်နှင့် ခရီးသည်ဝင်ရောက်မှု အချိန်ကန့်သတ်ထားခြင်း၊ မြို့အတွင်း ဝင်ရောက်လာသောခရီးသွားများကိုလည်း ကိုဗစ်စစ်ဆေးပြီး ပိုးတွေ့ရှိပါက ကွာရန်တင်းစင်တာတွင် ကုသမှုခံယူရမည်ဖြစ်ကြောင်းသိရသည်။
တနိုင်းဒေသ ရှင်ဗွေယန်မြို့တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၂၄၁ ဦး၊ သေဆုံးသူ သုံးဦးနှင့် သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသူစုစုပေါင်း ၂၂၄ ဦးရှိပြီဟု သိရသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ရှင်ဗွေယန်မြို့နယ်ခွဲတွင် အိမ်ထောင်စု ၂၁၃၀စုရှိပြီး လူဦးရေ ၁၁၄၅၃ဦးနေထိုင်သော မြို့တစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ