တာပိန်ရေလှောင်ကန်မှ ရေများ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ တာပိန်ရေအားလျှပ်စစ် ရေလှောင်ကန်မှရေများ ဖောက်ထုတ်မည်ဖြစ်သောကြောင့် တာပိန်မြစ်ကြောင်းတစ်လျှောက်တွင်နေထိုင်သည့် ပြည်သူများ ဘေးလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းရန် လိုအပ်ကြောင်း သိရသည်။

တာပိန်ရေအားလျှပ်စစ် ရေလှောင်ကန်ရှိ ရေသည် သတ်မှတ်ရေအမှတ်ထက် ကျော်လွန်နေသောကြောင့် ရေများလွှတ်ချမည်ဖြစ်ပြီး ဗန်းမော်မြို့သို့ နောက် ၁၀ နာရီအတွင်း ရေဝင်နိုင်ကြောင်း ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက The 74 Media ကိုပြောသည်။

“လွတ်ချချိန်အတိအကျမသိရပါ။ ပုံမှန်တော့ ကြေးနန်း ရောက်ပြီးဆို ၂ နာရီအကြာမှာ ဖောက်မှာပါ။ ခုဆိုဖောက်ချပြီလောက်ပြီပေါ့။ ဖောက်ချပြီး ၁၀ နာရီအကြာမှာ ဗန်းမော်မြို့ကိုရောက်မှာပါ” ဟု သူကပြောသည်။

ရေများဖောက်ချပြီးပါက တာပိန်မြစ်ရေသည် လက်ရှိရေအမှတ်ထက် ၄ ဆ ခန့်မြှင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက သူ၏ ဖေ့စ်ဘုတ် လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်သည် ၁၁၅၀ စင်တီမီတာဖြစ်ပြီး မွန်းလွှဲ ၁၂ နာရီခွဲ တိုင်းတာချက်အရ ၉၈၀ စင်တီမီတာရှိသည်။

မိုးမောက်မြို့နယ်ရှိ တာပိန်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံကို ၂၀၁၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မဂ္ဂဝပ် ၂၄၀ ထုတ်လုပ်သည့် စက်ရုံတစ်ရုံဖြစ်သည်။

– ၂၀၂၀ ခုနှစ်က တာပိန်မြစ် ရေကြီးချိန်တွင် ရိုက်ကူးထားသောပုံဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ