ဖယ်ခုံမြို့နယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင် ယမန်နေ့က နယ်မြေရှင်းလင်းရေးဟုဆိုကာ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာအတွင်းမှ လူငယ် ၁၀ ဦးကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ လွယ်လုံနှင့် စက်တော်ကျေးရွာနှစ်ရွာမှ အသက် ၂၀ နှင့် ၃၀ နှစ်ကြား လူငယ်အမျိုးသားများဖြစ်ကြပြီး တစ်ဦးကို ပြန်လွတ်ပေးခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။

“လမ်းပြဖို့ဆိုပြီး ခေါ်သွားတယ်လို့ပဲ သိရတယ်။ မခေါ်သွားခင်မှာ အားလုံးကိုစစ်ဆေးမေးမြန်းတာတွေလုပ်ပြီး အသက်ကြီးတဲ့သူတစ်ယောက်ကိုတော့ လွတ်ပေးလိုက်တယ်။ စကစဘက်က ဝတ်စုံတွေနဲ့ အင်အား ၃၀ ဝန်းကျင်လောက်ရှိပါတယ်။ သူတို့ဝတ်စုံအရဆိုရင် တပ်မ ၅၅ ပါ” ဟု ပြောသည်။

အဆိုပါရွာများသို့ စစ်ကောင်စီတပ်လာနေသည်ဟု သတင်းကြားသဖြင့် ရွာသားများထွက်ပြေးတိမ်းရှောင်နေကြပြီး အခြေအနေမသိဘဲ ရွာသို့လာစဉ် လမ်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။

နေပြည်တော်သို့ သွယ်တန်းထားပြီး စစ်ကောင်စီများသီးသန့်သုံးစွဲသည့် လျှပ်စစ်တာဝါတိုင်များအား လွန်ခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့က ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်က မိုင်းခွဲဖျက်စီးခံလိုက်ရသည့်အတွက် ၎င်းတာဝါတိုင်အနီးရှိ ဖယ်ခုံမြို့နယ် လွယ်ဟွဲကျေးရွာနှင့် ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာတို့တွင် စစ်ကောင်စီသည် အင်အားအလုံးအရင်းဖြင့် တပ်စွဲထားကြောင်းလည်း သိရသည်။

ကယားပြည်နယ်တွင် လွန်ခဲ့သည့် မေလမှစ၍ စစ်ကောင်စီနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးအကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီး ဇွန်လတွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရယူခဲ့သော်လည်း စစ်ကောင်စီမှ ဖိနှိပ်မှုများကြောင့် ဩဂုတ်လဆန်းတွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ