မံစီတွင် မိုင်းနင်းမိသူတစ်ဦး ခွဲစိတ်ရန်ခက်ခဲနေသဖြင့် အသက်အန္တရာယ်စိုးရိမ်ရ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်မိုင်ကျေးရွာအနီးတွင် ယမန်နေ့ ဩဂုတ်လ ၁၄ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က မြေမြုပ်မိုင်းနင်းမိသည့် အမျိုးသား ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရသည်။

မိုင်းနင်းမိ၍ မိုင်းစထိမှန်ခဲ့သည့် အမျိုးသားသည် ခွဲစိတ်ကုသမှုခံယူရန် အခက်အခဲဖြစ်နေခဲ့ပြီး ယမန်နေ့ည ၁၁ နာရီခန့်တွင် ကွယ်လွန်သွားသည်ဟု ခိုင်မာသောသတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
“လားရှိုးသွားမယ်ပြောလည်း ဆေးရုံက နင်တို့လူနာ မရတော့ဘူးပဲ ပြောတယ်တဲ့။ အဲ့တာ မနေ့ည ၁၁ နာရီလောက် နမ့်ခမ်းဆေးရုံမှာ ဆုံးတာပါ။ အလောင်းက ဒီမနက် ၄ နာရီယူလာပြီး အသုဘက ညနေ ၃ နာရီမှာသွားချတယ်” ဟုသူက ပြောသည်။
မြေမြုပ်မိုင်းနင်းမိ၍ သေဆုံးသူတွင် ၃ နှစ်အရွယ် သမီးတစ်ဦးရှိပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်း ပြု‌ေနသူဖြစ်ကြောင်း သူကဆက်ပြောသည်။
မြေမြုပ်မိုင်းနင်းမိသူသည် အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး မျှစ်သွားရှာစဉ် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်ကာ ပေါင်၊ ခြေထောက်နှင့် နားရွက်တွင် မိုင်းစ ထိမှန်၍ သေဆုံးခဲ့ခြင်းဖြစ်သည်။

မံစီမြို့နယ်၊ နမ့်မဖွဲ ကျေးရွာအုပ်စု၊ မိတုံကုန်းကျေးရွာတွင်လည်း ဩဂုတ်လ ၆ ရက်က မိုင်းနင်းမိ၍ ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ပြီး ဩဂုတ်လအတွင်း မံစီမြို့နယ်တွင် မိုင်းနင်းမိ၍ သေဆုံးသူ နှစ်ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ