မြစ်ကြီးနားမြို့ ရှမ်းစုဗလီတွင် ကြက်ဥနှင့် ကိုဗစ် ၁၉ ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမည်

မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်ရှိ စွန္နီဂျာမေဗလီတွင် ဩဂုတ်လ ၁၅ရက်နေ့၊ နံနက် ကိုးနာရီမှ စတင်ပြီး အောက်စီမီတာ၊ ဖလိုးမီတာနှင့် ကြက်ဥများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။

မြစ်ကြီးနားမြို့ ရှမ်းစုဗလီတွင် ကြက်ဥနှင့် ကိုဗစ် ၁၉ ဆိုင်ရာ ဆက်စပ်ပစ္စည်းများ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးမည်

 

ကိုဗစ်ကာလအတွင်း ခက်ခဲနေသော ပြည်သူများကို တစ်ဖက်တစ်လမ်းမှ ကူညီလိုသဖြင့် ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးခြင်းဖြစ်ကြောင်း ဗလီဥက္ကဌဦးမြင့်ကျော်က The 74 Media ကိုပြောသည်။
“ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ မရှိနွမ်းပါးတဲ့သူ ခက်ခဲတဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေ တတ်နိုင်သလောက်အကူအညီပေးပြီး ပုံမှန်ဈေးနဲ့ပဲရစေချင်တဲ့ ဆန္ဒနဲ့ အရှုံးခံပြီး ရောင်းချပေးမှာပါ” ဟု ဆိုသည်။
အောက်စီမီတာ (Oximeter) တစ်လုံးလျှင် ၅၀၀၀ ကျပ်ဖြင့် အလုံး ၄၀၀၊ ဖလိုးမီတာ (Flowmeter) တစ်ခုလျှင် ၂၀၀၀၀ ကျပ်ဖြင့် အလုံးရေ ၄၀ နှင့် ကြက်ဥတစ်လုံးလျှင် ၅၀ကျပ်ဖြင့် အလုံးရေတစ်သောင်းကျော် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
လာရောက်ဝယ်ယူမည့်သူများကို တစ်ဦးလျှင် တစ်ကြိမ်သာ ရောင်းချပေးသွားမည်ဟုသိရသည်။
ရှမ်းစုဗလီလူမှုကူညီရေးအသင်း၏လူငယ်များနှင့် ဂေါပကအဖွဲ့ဝင်များက ပူးပေါင်းရောင်းချမည်ဖြစ်ပြီး ယခုအကြိမ်ရောင်းချခြင်းသည် တတိယအကြိမ်မြောက်ဖြစ်ကြောင်းသိရသည်။
မြစ်ကြီးနားမြို့မှ ဆေးဆိုင်အချို့နှင့် အွန်လိုင်းရှော့ပင်များတွင် အောက်စီမီတာ၊ ဖလိုးမီတာ၊ Maskများကို ဈေးနှုန်း နှစ်ဆခန့်တင်၍ ရောင်းချနေကြောင်း ဒေသခံများကပြောဆိုနေသည်။

Photo :CJ

သင့်ထင်မြင်ချက်ရေးပေးပါ