Photo Credit to GETTY IMAGES (No copyright infringement intended)

ကချင်ပြည်နယ် ဝိုင်းမော်မြို့ နှင့် မြစ်ကြီးနားမြို့တို့တွင် ဩဂုတ်လ ၁၄ ရက်နေ့ မွန်းလွှဲ ၁ နာရီမှ စ၍ ပစ်ခတ်သံများ ဆက်လက်ထွက်ပေါ်နေကြောင်း သိရသည်။

ဝိုင်းမော်မြို့ စစ်ကောင်စီခြေလျင်တပ်ရင်း (ခ.လ.ရ) (၅၈) တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်သံနှစ်ချက်ကြားရသည်ဟု အမည်မဖော်လိုသူ ဝိုင်းမော်ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခုတော့ ဗုံးနှစ်ချက်လောက်တော့ကြားရပြီ ဒီနေ့ လည်း မဒိန်က လူတွေ ဒီနေ့ အကုန်ပြောင်းကြပီ နှစ်နာရီမာ အပြီးရှောင်ခိုင်းတယ်လို့တော့ပြောတယ်” ဟုသူကပြောသည်။
ဝိုင်းမော်မြို့ ခ.လ.ရ (၅၈) အခြေစိုက်သည့် မဒိန်ကျေးရွာရှိ ပြည်သူများထွက်ပြေးတိမ်းရှောင်နေကြသဖြင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာမည်ကို ဒေသခံများက စိုးရိမ်နေသည်။
အလားတူ မြစ်ကြီးနားမြို့တွင်လည်း လက်နက်ကြီးသံများကို ဆက်လက်ကြားနေရဆဲဖြစ်ပြီး နန်းကွေ့ကျေးရွာအနီးရှိ ခြေလျင်တပ်ရင်း (ခ.လ.ရ) (၃၇) တပ်အနီးမှ ထွက်ပေါ်နေခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့က The 74 Media ကို ပြောသည်။
“၃၇ လို့ထင်တယ် လက်နက်ကြီးသံ အချက်ရေကတော့များနေပြီ အတိအကျတော့မသိဘူး မနက်ကတည်းကနေ ပစ်နေတာ ကြားမှာခနရပ်ပြီး ၃ ချက် ၄ ချက်လောက်ပြန်ကြားရတယ်။ ခုတော့ ရပ်သွားပြီ” ဟုသူကပြောသည်။
ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများကို မတ်လ ၈ ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက် မတ်လ ၁၁ ရက်မှစတင်ကာ တိုက်ပွဲများနေရာအနှံ့မကြာခနဖြစ်ပွားနေပြီး ဩဂုတ်လအတွင်း ဝိုင်းမော်မြို့အခြေစိုက် ခ.လ.ရ (၅၈) တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။
ဩဂုတ်လ ပထမပတ်အတွင်း ခ.လ.ရ (၅၈) တပ်ရင်းရင်း ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူအချို့သေဆုံးဒဏ်ရာရခဲ့ပြီး နေအိမ်နှင့် အိမ်မွေးတိရိစ္ဆာန်များ ပျက်စီးဆုံးရှုံးခဲ့သည်။

Photo Credit to GETTY IMAGES (No copyright infringement intended)

သင့်ထင်မြင်ချက်ရေးပေးပါ