ဝိုင်း​မော် ခ.လ.ရ (၅၈) စစ်တပ်အနီးရှိ မဒိန်​ကျေးရွာမှ ပြည်သူအချို့ ထွက်​ပြေးတိမ်း​ရှောင်

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် စစ်​ကောင်စီတပ် ခ.လ.ရ (၅၈) အ​ခြေစိုက်ထားသည့် မဒိန်ကျေးရွာမှ ​ပြည်သူအချို့သည် ​ကျေးရွာကိုစွန့်ခွာ၍ ထွက်​ပြေးတိမ်း​​ရှောင်သွား​ကြောင်းသိရသည်။

ဝိုင်း​မော် ခ.လ.ရ (၅၈) စစ်တပ်အနီးရှိ မဒိန်​ကျေးရွာမှ ပြည်သူအချို့ ထွက်​ပြေးတိမ်း​ရှောင်

 

မဒိန်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ​​စစ်ကားဖြင့် ​ကျေးရွာအတွင်း မ​နေထိုင်ကြရန်နှင့် ​ပြောင်းရွေ့ကြရန် အသံချဲ့စက်ဖြင့် လိုက်လံပြောဆိုနေသဖြင့်ဒေသခံများ တိမ်းရှောင်သွားခြင်းဖြစ်သည်ဟု မဒိန်ကျေးရွာဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“အခုပစ္စည်းသိမ်းနေတာ ရွာက အကုန်ပြေးကြပြီ။ စစ်တပ်က လာပြောနေကြတာ။ ဒီနေ့ နေ့လယ်ကနေ စရွေ့ခိုင်းတာ။ ​​ပြေးတာ တစ်ရွာလုံးနီးပါးပါပဲ။ တချို့ကတော့ ​နေခဲ့တဲ့သူလဲရှိပါတယ်”ဟု ပြောသည်။

​မဒိန်ဒေသခံများအား ဩဂုတ်လ ၂၁ ရက်နေ့အထိ ​ကျေးရွာအတွင်း ပြန်လည် ​နေထိုင်ခြင်းမပြုရန် လိုက်လံ သတိ​ပေး​ခဲ့ပြီး လက်ရှိအချိန်တွင် မဒိန်​ဒေသခံအချို့သည် နီးစပ်ရာ ဆွေမျိုးအိမ်များသို့ ပြောင်းရွေ့နေထိုင်ရန် စီစဉ်​နေကြကြောင်း သူက ဆက်ပြောသည်။

စစ်ကောင်စီက ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်ရန်ပြောဆိုမှုများကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေကြသည်။

ပြည်သူများ ​ရွှေ့ပြောင်းနေမှုနှင့်ပတ်သက်၍ မဒိန်အုပ်ချုပ်ရေးမှူးကို The 74 Media က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါ။

ဩဂုတ်လဆန်းမှ စတင်ကာ ခ.လ.ရ (၅၈) စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုများ​ကြောင့် ​မဒိန်​ကျေးရွာ၊ တန်​ဘောင်​ကျေးရွာနှင့် လဘန်​ကျေးရွာများရှိ ပြည်သူအချို့ ​သေဆုံးခဲ့ရပြီး ​နေအိမ်များနှင့် အိမ်​မွေးတိရစ္ဆာန်များလည်း သေ​​​ကြေခဲ့သည်။

ဩဂုတ်လ ၁၃ ရက် ညနေ ငါးနာရီခွဲခန့်က ခ.လ.ရ (၅၈)​ စစ်တပ်ရှေ့မှ ဖြတ်သန်းသွားလာခဲ့သည့် ဝူယန်​ကျေးရွာမှ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးလည်း ကျည်ဆံထိမှန် သေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ