မြေပြိုမှုကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသည့် စစ်ရှောင်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေ

ကေအိုင်အိုထိန်းချုပ်နယ်မြေအတွင်းရှိ မဂါးယန် စစ်ရှောင်စခန်းတွင် ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့က မြေပြိုမှုကြောင့် နေအိမ်များပျက်စီးသွားပြီး စစ်ရှောင်ပြည်သူအချို့ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုခဲ့သဖြင့် စစ်ရှောင်ပြည်သူတစ်ဦး သေဆုံးကာ နေအိမ် ၁၅ လုံးပျက်စီးခဲ့ပြီးနောက် စစ်ရှောင်ပြည်သူအချို့ သောက်သုံးရေ၊ ဆေး၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ အခက်အခဲဖြစ်သည်ဟု စစ်ရှောင်စခန်း တာဝန်ခံ ဦးတန်ဂွန်းက The 74 Media ကိုပြောသည်။
“လတ်တလောလိုနေတာက သောက်ရေ အခက်အခဲဖြစ်နေတယ်။ မနေ့က အိမ် ၃ အိမ်လောက်က အကုန်လှန်ပြီးပါသွားတာ၊ မီးဖိုချောင်ပါသွားတဲ့သူတွေအတွက်ဆို မီးဖိုချောင်သုံးပစ္စည်းတွေ ရေပုံးက အစ လိုအပ်နေတယ်။ အိပ်ယာကအစ ဘာမှမရလိုက်တဲ့သူတွေရှိတယ် အဝတ်အထည်တွေလည်း လိုအပ်နေတယ်။ မနေ့ကအဖြစ်အပျက်ကြောင့် သွေးတိုးနေတဲ့သူတွေရှိတယ် သွေးကျဆေးတွေလည်း လိုနေတယ်” ဟု သူကပြောသည်။
နေအိမ်ပျက်စီးဆုံးရှုံးသွားသူများက စခန်းရှိကောင်စီရုံးနှင့် KBC ရုံးများတွင် နေထိုင်နေကြပြီး စခန်းအတွင်းရှိ အန္တရာယ်ရှိသောနေရာများမှ စစ်ရှောင်ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း သူကဆက်ပြောသည်။
“အိမ်ပါသွားတဲ့ သူတွေကိုတော့ စခန်းကောင်စီရုံးမှာ တချို့ခေါ်ထားပြီး KBC ရုံးမှာတချို့ ခေါ်ထားတယ်။ ဘုရားကျောင်းမှာ ခိုလှုံနေတဲ့သူတွေလည်း မိုးမတိတ်ရင် ပြန်ဖို့အဆင်မပြေဘူး။ ဘာလို့ဆို သူတို့အိမ်အပေါ်မှာက ကမ်းပါးတွေလျှိတွေ ဖြစ်နေတော့ မိုးမတိတ်ရင် အိမ်ပြန်ဖို့ အဆင်မပြေဘူးဖြစ်နေကြတယ်” ဟု သူကပြောသည်။
မိုးရာသီဖြစ်သောကြောင့် ပျက်စီးသွားသော နေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးရန်လည်း အခက်အခဲများရှိကြောင်း သိရသည်။

မဂါးယန် စစ်ရှောင်စခန်းတွင် ၁၈ နှစ်အောက် ကလေး ၁၀၀၀ ကျော်၊ အသက် ၈၀ ဝန်းကျင် သက်ကြီးရွယ်အို ၁၀၀ ကျော်ရှိပြီး စစ်ရှောင်ပြည်သူ စုစုပေါင်း၂၀၀၀ ကျော်နေထိုင်သည့် ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းတစ်ခုဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ