မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ မိုင်းနောင်ကျေးရွာတွင် ယမန့်နေ့ ဩဂုတ်လ ၁၀ ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေအိမ်အချို့ကိုပစ်ခတ်ခဲ့သောကြောင့် ပြည်သူလေးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့နယ်တွင် စစ်ကောင်စီ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

 

စစ်ကောင်စီတပ်ဖွဲ့ဝင်မျာရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် (၄၀) ကျော်အရွယ် အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်နှစ်ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ကျွန်မတို့သိတာက တစ်အိမ်က ကလေး နှစ်ယောက် ထိတယ်၊ နောက်တစ်အိမ်က မီးနေသည် ထိတယ်၊ နောက်တစ်အိမ်က အမျိုးသမီးတစ်ယောက်က လက်မောင်းမှာထိတယ်၊ တစ်ယောက်တည်းကို သုံးချက်ထိတာလည်း ပါတယ်၊ ဒဏ်ရာက အသက်အန္တာရယ် စိုးရိမ်ရလောက်တဲ့ ထိတော့ မဟုတ်ပေမယ့် ပြင်းထန်တဲ့ထဲတော့ ပါတယ်” ဟု သူကပြောသည်။
ကျည်ထိမှန် ဒဏ်ရာရရှိသူ လေးဦးကို ဆေးရုံသို့ပို့လိုက်ပြီ ဖြစ်ပြီး ပစ်ခတ်သံများကြောင့် နှလုံးရောဂါသည် အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး မသေသင့်ပဲ သေခဲ့ရကြောင်း သူကဆက်ပြောသည်။
မိုင်းနောင်ကျေးရွာမှ ဈေးဟောင်းတည်ရှိရာ ကချင်ကုန်းရှိ နေအိမ်တစ်အိမ်ကိုလည်း ယမန်နေ့ည၌ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်ကားသုံးစီးဖြင့် နေအိမ်တစ်အိမ်တည်းကို လာရောက်ပစ်ခတ်သွားသည်ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ဈေးဟောင်းက ကချင်တွေနေတဲ့ ကုန်းကို ညကို စစ်တပ်က လာပစ်သွားတာပဲ၊ တစ်ဖက်တည်းပဲ ပစ်သွားတာ၊ ကချင်အိမ်ကို ရွေးပစ်တယ်လို့ပြောတယ် အိမ်ထဲက မှန်တွေ ကွဲသွားတယ်တဲ့၊ စစ်ကားသုံးစီးနဲ့ တုန်ဖုံးက တစ်စီးပါတယ်” ဟုသူကပြောသည်။
မိုင်းနောင်ကျေးရွာတွင် ပထမဆုံးအကြိမ် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စုစည်းရပ်ကွက်အတွင်းရှိ လူနေအိမ် ၅ အိမ်ခန့် ကျည်ထိမှန်၍ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

မိုင်းနောင်ကျေးရွာအတွင်းတွင် ယမန်နေ့ ဩဂုတ်လ ၁၀ ရက်နေ့ ည ၁၀ နာရီခန့်မှစ၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မိနစ် ၃၀ ခန့် ရွာထဲတွင် လှည့်လည် ပစ်ခတ်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ