Photo : Naing Lin Htwe

ဖေ့စ်ဘုတ်လူမူကွန်ရက်အသုံးပြုသူများအကြား မြစ်ကြီးနားအတွင်း မိုးသည်းထန်စွာရွာသွန်းကာ ရေကြီးရေလျှံလာနိုင်သည့်အတွက် အထူးသတိထားကြရန်ဆိုသည့် ရေးသားမျှဝေမှုများ ပျံ့နှံ့နေသော်လည်း လက်ရှိအချိန်အထိ ဧရာဝတီမြစ်ရေ မြှင့်တက်လာခြင်းမရှိသေးကြောင်း မြစ်ဘေးနေထိုင်သူများထံမှသိရသည်။

Photo : Naing Lin Htwe

 

လက်ရှိအချိန်တွင် ဧရာဝတီမြစ်ရေသည် ပုံမှန်အခြေအနေဖြစ်နေကြောင်း မြစ်ဘေးတွင် နေထိုင်သည့် ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ရေမတက်ဘူး ပုံမှန်ပဲ။ စိုးရိမ်ရေအမှတ်နဲ့ အဝေးကြီးလိုသေးတယ်။ မိုးရာသီဆို အဲ့လို သတင်းတွေ တက်နေကြ” ဟုပြောသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ဩဂုတ်လ ၁၀ရက်နေ့မှ ၁၅ရက်နေ့အတွင်း မုတ်သုန်လှိုင်းတစ်ခုဖြတ်သန်းသွားမည်ဖြစ်သောကြောင့် မြစ်ချောင်းအနီးတွင် နေထိုင်သော ပြည်သူများအနေဖြင့် အထူးသတိထားကြရန်ဟူသော သတင်းပိုစ့်များ ပျံနှံ့နေသည်။

သို့သော်လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ မွန်းလွှဲ ၁၂နာရီခွဲအချိန် ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၏ စိုးရိမ်ရေအမှတ်သည် ၁၂၀၀ စင်တီမီတာဖြစ်ပြီး လက်ရှိအချိန်တွင် ၄၈၂ စင်တီမီတာရှိကာ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ၂၉စင်တီမီတာခန့်သာ မြှင့်တက်လာသည်။

အလားတူ ဗန်းမော်မြို့၏ စိုးရိမ်ရေအမှတ်သည် ၁၁၅၀ စင်တီမီတာဖြစ်ပြီး လက်ရှိအချိန်တွင် ၆၁၂ စင်တီမီတာနှင့် ရွှေကူမြို့၏ စိုးရိမ်ရေအမှတ်သည် ၉၃၀ စင်တီမီတာဖြစ်ပြီး လက်ရှိအချိန်တွင် ၄၈၇ စင်တီမီတာတို့ဖြစ်သည်။

ဧရာဝတီမြစ်ရေမြင့်တက်လာတိုင်း ပထမဆုံးမြစ်ရေဝင်ရောက်သည့် မြစ်ကြီးနားမြို့ရှိ ကြက်ပေါင်ခြံရပ်ကွက်၊ လယ်ကုန်းရပ်ကွက်နှင့် ရမ်ပူရပ်ကွက် စသည့် ရပ်ကွက်များတွင်လည်း ရေဝင်ရောက်ခြင်းမရှိသေးကြောင်း မြို့ခံပြည်သူများထံမှသိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မနက်ဖြန် နံနက် အထိ ခန့်မှန်းချက်အရ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် နေရာအနှံ့အပြား မိုးထစ်ချုံးရွာနိုင်သည်ဟုသာထုတ်ပြန်ထားပြီး ရေကြီးရေလျှံလာနိုင်ကြောင်း အထူးသတိပေးချက်ထုတ်ပြန်ခြင်းမရှိသေးပါ။

ပြီးခဲ့သည့် ၂၀၁၉ ခုနစ် ဇူလိုင်လအတွင်း ဧရာတီမြစ်ရေ စိုးရိမ်ရေအမှတ်ကျော်လွန်ခဲ့သောကြောင့် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် မြစ်အနီးရှိ ရပ်ကွက်များနှင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ ပြည်သူများ ရေဘေးသင့်ခဲ့သည်။

Photo : Naing Lin Htwe

သင့်ထင်မြင်ချက်ရေးပေးပါ