မိုးညှင်းပြည်နယ်လွှတ်တော်အမတ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့တွင် ဩဂုတ် ၃ ရက်နေ့က မိုးညှင်းပြည်နယ်လွှတ်တော်အမတ်နှင့် ပတ်သက်ပြီးဖမ်းဆီးခံရသည့် လူမှုကူညီရေးအသင်းမှ အတွင်းရေးမှူးအပါအဝင် ငါးဦး မိသားစုနှင့် တွေ့ခွင့်မရသေးကြောင်း သိရသည်။

NLD ပါတီမှ ပြည်နယ်လွှတ်တော်အမတ် ဒေါ်သက်ထားနှောင်းကို လက်ခံထားရှိသည်ဟုဆိုကာ အဆိုပါငါးဦးကို မိုးညှင်းရဲစခန်းတွင် ဖမ်းဆီးခံထားခြင်းဖြစ်ပြီး အသက် ၈၂ အရွယ် မိခင်ဖြစ်သူကိုသာ ပြန်လွှတ်ပေးခဲ့သည်ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
မိုးညှင်းပြည်နယ်လွှတ်တော်အမတ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံရသူ
“အဲ့အိမ်က လူတွေကို ခေါ်သွားတဲ့ အကြောင်းရင်းကတော့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းကို လက်ခံထားမှုတဲ့၊ ဖမ်းသွားတာက အားလုံး ၆ ယောက် သူတို့အမေ အသက် ၈၂ နှစ်ဆိုတော့ သူ့ကိုပဲ အိမ် ပြန်ပို့ပေးခဲ့တယ်၊ အခုလောလောဆယ်တော့ သား၊ သမီးတွေကိုတော့ အဆက်အသွယ်မရသေးဘူး” ဟု သူကပြောသည်။
ဒေါ်သက်ထားနှောင်းသည် ပြန်လည်လွတ်မြောက်လာသူ အသက် ၈၂ နှစ်အရွယ် အိမ်ရှင်နှင့် တူမတော်စပ်သူ ဖြစ်ပြီး ဖမ်းဆီးခံထားရသူများနှင့် ဝမ်းကွဲတော်စပ်သူဖြစ်ကြောင်း သူကဆက်ပြောသည်။
“မနှောင်းက အဲ့အိမ်ရှင် အကိုရဲ့ သမီး၊ ပြောရမယ်ဆိုရင် တူမ အရင်းလေ သူ့အကိုရဲ့ သမီး သူတို့က မောင်နှမ နှစ်ယောက်ပဲရှိတော့တာ မနှောင်းလာနေရင်တော့ လက်မခံထားပဲနဲ့ ဘယ်လိုလုပ်မလဲ အဲ့ခေါ်ခံရတဲ့နေ့က ရန်ကုန်က မနှောင်းရဲ့ အမ ဆုံးလို့ ရက်လည်တဲ့နေ့ပဲ” ဟု သူကပြောသည်။
ဖမ်းဆီးခံထားရသူများသည် နန်းမားမြို့ရှိ မေတ္တာလေညင်း – လူငယ် လူမှုအထောက်အကူပြု အဖွဲ့၏ အတွင်းရေးမှူးဖြစ်သူ ဒေါ်မိုးသူဇာကျော် အပါအဝင် ၊ မိုးစန္ဒာကျော်၊ ကျော်ဇင်လင်း၊ မိုးသီတာကျော်၊ မိုးဒေစီကျော် တို့ ဖြစ်ကြောင်း သိရသည်။
နန်းမားမြို့ရှိ မေတ္တာလေညင်း – လူငယ် လူမှုအထောက်အကူပြုအဖွဲ့၏ ဥက္ကဌဖြစ်သူကို အသက် ၅၆ နှစ်အရွယ် ဒေါ်ခင်မာလင်းကို ဩဂုတ်လ ၄ ရက်နေ့တွင် CDMကိစ္စ အကူအညီတောင်းရန်ဟု ဆိုကာ အရပ်ဝတ်ဖြင့် လူငါး ဦးခန့်က လာခေါ်သွားပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးပါ။

– မေတ္တာလေညင်း – လူငယ် လူမှုအထောက်အကူပြုအဖွဲ့၏ အတွင်းရေး ဒေါ်မိုးသူဇာကျော်

သင့်ထင်မြင်ချက်ရေးပေးပါ