ကချင်ပြည်နယ်ရဲ့ ရောင်နီအလင်းတန်း သို့မဟုတ် စစ္စတာရ်အန်းရိုဆာနူးတောင်
မြစ်ကြီးနားမြို့ရှိ ပရဟိတဆေးခန်းတစ်ခုတွင် PPE ဝတ်စုံဝတ်ထားသည့် အမျိုးသမီးတစ်ဦး လူနာများကိုလိုက်လံ ကြည့်ရှုနေသည်။ လူနာများ အောက်စီဂျင်မည်မျှရှိသည်၊ လူနာများ တိုးတက်မှု ရှိ၊ မရှိလိုက်လံ စစ်ဆေးနေရုံသာမက ဆေးခန်းတွင် လာရောက်ဆေးစစ်သူများကိုလည်း ကိုဗစ်၁၉ ရောဂါရှိ၊ မရှိကို စစ်ဆေးပေးနေသည်။

ပရဟိတဆေးခန်းတွင် PPE ဝတ်စုံဖြင့် သွားလာလှုပ်ရှားနေသူ အမျိုးသမီးမှာ အခြားသူမဟုတ်ပါ။ မြစ်ကြီးနားမြို့တွင် ၂၀၂၁ ခုနှစ် မတ်လအတွင်း စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းမှုမပြုလုပ်ရန် ဒူးထောက်တောင်းပန်ခဲ့သည့် စစ္စတာရ်အန်းရိုဆာနူးတောင် (Sister Ann Rose Nu Tawng) ဖြစ်သည်။

 

ကက်သလစ်ဘာသာဝင် ဆရာမတစ်ဦးဖြစ်သူ စစ္စတာရ်အန်းရိုဆာနူးတောင်က စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့် စစ်သားများရှေ့တွင် ဒူးထောက်ငိုကြွေး တောင်းပန်နေပုံသည် နိုင်ငံတကာသတင်းဌာနများတွင် ခေါင်းစီးသတင်းအဖြစ် ဖော်ပြခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကို ကမ္ဘာက ပိုမိုအာရုံစိုက်မိလာစေခဲ့သည်။

 

မြစ်ကြီးနားရှိဆန္ဒပြပြည်သူများကို အကြမ်းဖက်မဖြိုခွင်းရန် နှစ်ကြိမ်တိုင်တိုင် ဒူးထောက်တောင်းပန်ပြီး အကာအကွယ်ပေးခဲ့သလိုပင် လက်ရှိအချိန်တွင် မြစ်ကြီးနားရှိပြည်သူလူထုကို ကိုဗစ်၁၉ ကပ်ရောဂါဆိုးမှ ကာကွယ်ပေးရန် စစ္စတာအန်းရိုဆာနူးတောင်က ကြိုးပမ်းနေသည်။

 

ကိုဗစ်၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း ကြောက်ခမန်းလိလိမြန်ဆန်နေသည့်အပြင် ငွေကြေးမတတ်နိုင်သူများကို ဆေးကုသမှုပေးနိုင်ရန် ပရဟိတ ကိုဗစ်၁၉ ဆေးခန်းကို စတင်ဖြစ်ခဲ့ကြောင်း စစ္စတာရ်အန်းရိုဆာနူးတောင်က The 74 Media ကို ပြောသည်။

 

“ဟိုတလောက အောက်ပိုင်းက ရွှေတူးပြီးလာတဲ့သူတွေကို ကိုဗစ်စစ်ပေးတာ ၂၀ မှာ ၁၉ ယောက်တွေ့တယ်၊ တော်တော်တောင် လန့်သွားတယ်၊ အပြင်မှာတွေ စစ်ရင် နှစ်သောင်းလောက် ပေးရတာလေ၊ ကျွန်မတို့ဆီမှာက စစ်တံပါရင်စစ်ပေးလိုက်တယ်၊ စစ်ရှောင်စခန်းက လူတွေဆိုရင် ဆေးဖိုးလည်း မပေးနိုင်ဘူး၊ စစ်တံလည်း မပေးနိုင်ဘူး၊ အဲလိုလူနာတွေအတွက် တတ်နိုင်တဲ့ဘက်ကနေတော့ လုပ်ပေးတာပေါ့နော်” ဟု ပြောသည်။

 

ကိုဗစ်၁၉ ကပ်ရောဂါကူးစက်ခံရသူများထဲမှ အခြေအနေစိုးရိမ်ရသူများကို ကုသမှုပေးသည့် ပရဟိတဆေးခန်းနှင့် ပိုးတွေ့လူနာများကို သီးသန့်ထားရှိသည့် ဆေးခန်းများကို စစ္စတာရ်အန်းရိုဆာနူးတောင်က အခြား ကက်သလစ်ဘာသာမှ ဘာသာရေးခေါင်းဆောင်များနှင့်အတူ လုပ်ကိုင်နေခြင်းဖြစ်သည်။

 

ကိုဗစ်၁၉ ကပ်ရောဂါကူးစက်သူများကို ကုသပေးနေသည့် ကက်သလစ်ဘာသာမှ ဘာသာရေးခေါင်းဆောင်များ၊ စေတနာ့ဝန်ထမ်း ၃၀ ခန့်နှင့် ဆေးကုသပေးသည့် ဆရာဝန်များကိုပါ ခေါ်ယူပြီး ကိုဗစ်၁၉ ကပ်ရောဂါကို တစ်နိုင်တစ်ပိုင်ရင်ဆိုင်တွန်းလှန်နေခြင်းဖြစ်သည်ဟု သူမက ပြောသည်။

 

“လွန်ခဲ့တဲ့ တနင်္လာနေ့က စဖွင့်တာပါ။ ဒီကိုဗစ်စင်တာမှာက ကျွန်မတို့ အောက်ဆီဂျင် ၉၀ အောက်ကျတဲ့ လူနာတွေကို ထားတယ်၊ အောက်ဆီဂျင်ပေးတယ်ဆိုတော့ အခြေအနေဆိုးတာပေါ့နော်၊ ခုလောလောဆယ် စင်တာက ကိုဗစ်လူနာတွေအတွက် လုပ်ထားတယ်၊ သီးသန့်ခန်းလည်း မရှိတဲ့ အိမ်က လူနာတွေကိုတော့ positive လူနာတွေကိုထားတဲ့ စီတာပူမှာ ထားတယ်၊ ခက်ခဲတဲ့သူတွေကိုပေါ့နော်၊ အဲ့မှာ အားရှိအောင် ကောင်းကောင်းစားပြီး အဖျားအတွက် လိုအပ်တဲ့ဆေးတွေပေးတယ်” ဟု ဆိုသည်။

 

အသက် (၄၆) နှစ်အရွယ် စစ္စတာရ်အန်းရိုဆာနူးတောင်သည် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ယခုမှစတင်လုပ်ခဲ့သည်တော့ မဟုတ်ပါ။ မြစ်ကြီးနားအောင်နန်းကက်သလစ်ဘုရားကျောင်း အနောက်ဘက်တွင်ဖွင့်လှစ်ထားသည့် မလိဂင်ဒိုင်ဆေးခန်းတွင် ၂၀၁၅ ခုနှစ်မှ စတင်ကာ တာဝန်ခံအဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

“ဒီ (မလိဂင်ဒိုင်) ဆေးခန်းမှာတော့ ရောဂါပေါင်းစုံ ကုပေးတယ်၊ မွေးလူနာက အစပေါ့၊ ကိုဗစ်ဖြစ်တဲ့ အူအတက်ရောင်တဲ့ လူနာတွေလည်း ဆေးရုံကလည်း လက်မခံပေးဘူး ဆေးထိုးရမယ်ဆိုပြီး စာအုပ်ကိုင်ပြီး ရောက်လာတယ်၊ အဲ့လိုလူနာတွေကိုလည်း ကျွန်မတို့က သူတို့အိမ်မှာပဲ ပြန်လိုက်လုပ်ပေးနေတာပေါ့၊ ဒီဆေးခန်းမှာလည်း တာဝန်ခံဖြစ်နေတာရယ်၊ ကိုဗစ်မဖြစ်ခင်ကနေ လူနာတွေပဲ ကြည့်လာတာ ဆိုတော့ လူနာတွေ အကူအညီလိုလို့ရှိရင် မနေနိုင်ဘူးပေါ့” ဟု လူနာများအပေါ်ထားသည့် စေတနာကို ဖွင့်ဟ ပြောဆိုသည်။

 

 

မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်အနှံ့အပြားတွင် ကိုဗစ်၁၉ ရောဂါကူးစက်ပျံ့ပွားမှု ဆိုးဝါးစွာဖြစ်ပေါ်နေပြီး စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ ဩဂုတ်လ ၆ ရက်နေ့အထိ တစ်ပြည်နယ်လုံးတွင် ကိုဗစ်၁၉ ကူးစက်ခံရသူ (၅၉၁၂) ဦးနှင့် သေဆုံးသူ (၁၇၀) ဦးရှိနေပြီဖြစ်သည်။

စစ်ကောင်စီကထုတ်ပြန်သည့် စာရင်းသည် အစိုးရဆေးရုံဆေးခန်းများတွင် ကိုဗစ်၁၉ စစ်ဆေးတွေ့ရှိသူများနှင့် အဆိုပါနေရာများတွင် သေဆုံးသွားသူများကိုသာ ထည့်သွင်းတွက်ချက်ထားသည်ဖြစ်ရာ မြေပြင်တွင် ကိုဗစ်၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှင့် သေဆုံးမှုများသည် အစိုးရထုတ်ပြန်ချက်ထက် များစွာကွာဟနိုင်ကြောင်း The 74 Media က တွေ့ဆုံမေးမြန်းခဲ့သည့် ပရဟိတအသင်းများက ဆိုသည်။

ကချင်ပြည်နယ်ရဲ့ ရောင်နီအလင်းတန်း သို့မဟုတ် စစ္စတာရ်အန်းရိုဆာနူးတောင်

လူနာများဆေးကုသခွင့်ရရှိစေရန် စိတ်စေတနာဖြင့် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း ဆေးခန်းဆက်လက်လည်ပတ်ရန် အသုံးအဆောင်ပစ္စည်းများ၊ လူနာများအတွက် အဟာရနှင့်အစားအစာများအပြင် အခြားအကူအညီများလိုအပ်နေဆဲဖြစ်သည်ဟု လိုအပ်နေဆဲဖြစ်သည်ဟုစစ္စတာရ်အန်းရိုဆာနူးတောင်က ပြောသည်။

“အခက်အခဲဆိုရင်တော့ ငွေရေးကြေးရေး ခက်ခဲတယ်၊ ဆေးမလုံလောက်ဘူး အကာအကွယ်ပစ္စည်းတွေ မလုံလောက်ဘူး၊ ဥပမာ စီဗစ်ဆိုလည်း ဝယ်လို့မရဘူး၊ PPE ဝတ်စုံတွေလည်း အများကြီးလိုတာပေါ့၊ ကိုဗစ်အကာအကွယ်တွေကလည်း ဈေးတက်တယ် ဝယ်ဖို့လည်း ခက်တာပေါ့နော်၊ ကိုဗစ်လူနာတွေကို ကူညီဖို့ အကူအညီတွေရဖို့တော့ လုပ်နေတာတွေရှိတယ် ရမလား မရဘူးလားတော့ မသေချာဘူးပေါ့နော်၊ အခုက ကက်သလစ်သာသနာကနေ နိုင်သလောက် လုပ်နေတာပေါ့” ဟုသူကပြောသည်။

ကိုဗစ်၁၉ ရောဂါသည် ကူးစက်ပြန့်ပွားလွယ်သည့် ကပ်ရောဂါတစ်ခုဖြစ်ပြီး အချိန်တိုအတွင်း အသက်သေဆုံးစေနိုင်သည့် ရောဂါတစ်ခုလည်းဖြစ်ရာ မြန်မာနိုင်ငံ့အနှံ့တွင် ကိုဗစ်၁၉ ကပ်ရောဂါကို တွန်းလှန်နိုင်ရန် အသက်ကိုစွန့်ကာ ကြိုးပမ်းလုပ်ဆောင်ခဲ့သူ အများအပြားရှိခဲ့သည်။

ဆန္ဒပြသူများကို ကာကွယ်နိုင်ရန် စစ်ကောင်စီများရှေ့တွင် ဒူးထောက်ကာကွယ်ခဲ့သကဲ့သို့ ကိုဗစ်၁၉ ကပ်ရောဂါဆိုးကို တွန်းလှန်နိုင်ရန် အဆုံးစွန်အထိပေးဆပ်ရန်လိုသည်ဟု စစ္စတာရ်အန်းရိုဆာနူးတောင်က ခံယူသည်။

“ဒီဟာတွေက ကိုယ်တိုင်လည်း စွန့်စားနိုင်မှလေနော်၊ ကိုယ့်အသက်လည်း ပေးနိုင်မှ၊ အန္တရာယ်လည်း အရမ်းရှိတယ်လေ၊ ဆေးပိုင်းဆိုင်ရာ နားလည်မှုရှိမှပဲ လုပ်နိုင်မှာပေါ့ ကျွန်မတို့က နေ့တိုင်း ပိုးတွေ့လူနာတွေကို ထိတွေ့ရတယ် ကုသရတယ် ကူညီရတယ်။” ဟုသူကပြောသည်။

၂၀၂၀ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ကိုဗစ်၁၉ ကပ်ရောဂါပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့ကြောင့် စားဝတ်နေရေးခက်ခဲနေသည့် ပြည်သူလူထုသည် စစ်အာဏာသိမ်းမှုကြောင့် အဆုံးစွန် ဆုတ်ယုတ်သွားသည့် စီးပွားရေး ကျဆင်းမှုကို ခါးစည်းခံနေကြရသည်။

ကျန်းမာရေးကာကွယ်စောင့်ရှောက်မှု ကမ္ဘာ့အဆိုးဆုံးစာရင်းဝင် မြန်မာနိုင်ငံလူထုအတွက် ‘ဘူးလေးရာ ဖရုံဆင့်’ ဆိုသလိုပင် စစ်အာဏာသိမ်းသည့်နောက်ပိုင်း ကိုဗစ်၁၉ ကပ်ရောဂါ တတိယလှိုင်းဆိုးဝါးစွာဖြစ်ပေါ်နေသဖြင့် စစ္စတာရ်အန်းရိုဆာနူးတောင်ကဲ့သို့ တစ်နိုင်တစ်ပိုင် ကျန်းမာရေးကာကွယ်စောင့်ရှောက်မှုပေးသူများသည် လူထုအတွက် အောက်စီဂျင်ဖြစ်ပေသည်။

ရောဂါကူးစက်ခံရသူများကို နေ့စဉ်ထိတွေ့ကူညီပေးနေသော်လည်း သူမ၏ပေးဆပ်မှုသည် မပြောပလောက်သေးကြောင်းနှင့် အခြားသူများကိုလည်း ကိုဗစ်၁၉ ကပ်ရောဂါကို ကာကွယ်တားဆီးရာတွင် ပါဝင်စေချင်ကြောင်း သူမ၏ ခံယူချက်ကို ပြောပြသည်။

“စင်တာမှာက ဘုန်းကြီး (Father) တွေလည်း လုပ်တယ်၊ ကိုယ်လုပ်တာက ဘာမှ မဟုတ်ဘူး သူများက ကိုယ့်ထက်ပေးဆပ်တဲ့သူတွေ အများကြီးရှိတယ်၊ တခြားသူတွေကိုလည်း ‘သူတို့တွေ ဒီလိုမျိုးလုပ်နေပါလား ငါတို့လည်း ဆက်ကပ်မယ် ပါဝင်မယ်’ ဆိုတဲ့ စိတ်မျိုးရှိစေချင်တာပေါ့၊ မဟုတ်ရင် ကြောက်ပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက်တောင်မှ မထိရဲ မကိုင်ရဲဆိုရင် လူနာတွေက သနားဖို့ကောင်းတယ်လေနော်။”ဟုသူကပြောသည်။

ကိုဗစ်၁၉ ကပ်ရောဂါတတိယလှိုင်းတွင် စစ်ကောင်စီ၏ မှားယွင်းညံ့ဖျင်းသည့် စီမံခန့်ခွဲမှုများအကြား ပြည်သူအများ မသေဆုံးသင့်ဘဲ သေဆုံးနေကြသည့်အပြင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားသည့် ကချင်ပြည်နယ်တွင် ကိုဗစ်၁၉ ကပ်ရောဂါကူးစက်ခံရသည့် လူနာများအတွက် စစ္စတာရ်အန်းရိုစာနူးတောင်သည် အမှောင်မိုက်တွင် လင်းလက်လာသည့် ရောင်နီလိုပင် ဆက်လက်တောက်ပလင်းလက်နေဦးမည် ဖြစ်သည်။

 

သင့်ထင်မြင်ချက်ရေးပေးပါ