နမ္မတီး ကက်သလစ်စစ်ရှောင်စခန်း

ကချင်ပြည်နယ်၊ နမ္မတီးမြို့၊ ညောင်တောကျေးရွာရှိ စိန့်ဖရန်စစ် ကက်သလစ် စစ်ရှောင်စခန်းရှိ ပြည်သူတစ်ဦးထံတွင် ကိုဗစ် ၁၉ ပိုး ပထမဆုံးတွေ့ရှိခဲ့ကြောင်းသိရသည်။

နမ္မတီး ကက်သလစ်စစ်ရှောင်စခန်း

ယခင်က ကိုဗစ်စစ်ဆေးမှုများ ရှိခဲ့သော်လည်း ယခုအကြိမ်မှာမူ ပထမဦးဆုံး ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ရှောင်တာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“စစ်ရှောင်အတွင်းမှာပဲ ကိုဗစ်လက္ခဏာတွေပြလို့ သွားစစ်ခိုင်းတာ နှစ်ခါသုံးခါစစ်တဲ့သူတွေလည်းရှိတယ်။ တစ်နေ့ကစစ်ဆေးတာ ဒီစစ်ရှောင်မှာ ပထမဦးဆုံးတွေ့တာပဲ။ နှစ်ယောက်စစ်တာ တစ်ယောက်ကိုပိုးတွေ့တာ။ နေမကောင်းဖြစ်နေတာ လေးရက်တော့ရှိပြီ။ ညောင်တောအုပ်ချုပ်ရေးမှူးနဲ့ ဆက်သွယ်ပြီး နမ္မတီးဆေးရုံမှာသွားစစ်တာ။ သူကအပြင်ကိုသွားလေ့တော့မရှိဘူး။ သူကလည်းစစ်ချင်တယ်ဆိုတာနဲ့ စစ်လိုက်တာ ပိုးတွေ့တာပဲ။ လက်ရှိသူ့ကို နမ္မတီးဆေးရုံမှာပဲ စောင့်ကြည့်ကုသပေးနေတယ်”ဟု ပြောသည်။

ပိုးတွေ့လူနာမှာ အသက် ၂၉ နှစ်အရွယ် အိမ်ထောင်သည်အမျိုးသမီးဖြစ်၍ ၎င်းနှင့်ထိတွေ့ခဲ့သူများကို ယ​နေ့ ကိုဗစ်ပိုးရှိ၊ မရှိစစ်ဆေးသွားမည်ဖြစ်ပြီး စစ်ရှောင်စခန်းကိုလည်း Lockdown ချထားပြီဖြစ်ကြောင်း သူကဆက်ပြောသည်။

စစ်ရှောင်စခန်းတစ်ခုဖြစ်သည့်အတွက် လက်ရှိနိုင်ငံရေးအခြေအနေနှင့် ရောဂါအခြေအနေကြောင့် ခက်ခဲနေကြောင်းသူက ဆက်ပြောသည်။

“ဒီလိုအချိန်ကတော့ အားလုံးလည်းခက်ခဲနေတဲ့အချိန်ဆိုတာသိပါတယ်။ ပုံမှန်ထောက်ပံ့မှုပေးနေတဲ့အဖွဲ့အစည်း တချို့ကလည်း ငွေကြေးထုတ်ယူမှုအဆင်မပြေတာတွေရှိတော့ ပံ့ပိုးမှုမရတာ ကြာပါပြီ။ အနည်းဆုံးတော့ နှစ်ခု အကူအညီတောင်းချင်တယ်။ အခြေခံအစားအသောက်ဆိုပေမယ့် ဆန်လေးပံ့ပိုးပေးရင်ကို ကျေနပ်ပါပြီ။ နောက်တစ်ခုကတော့ အခြေခံဆေးဝါးလေးတွေပေါ့။ အခုရောဂါကလည်း ရာသီပေါ်တုတ်ကွေးနဲ့ လက္ခဏာ နည်းနည်းဆင်တော့ အဖျားကျဆေးလေးဖြစ်ဖြစ်ထောက်ပံ့ပေးကြဖို့ တောင်းဆိုချင်တယ်”ဟု ပြောသည်။

အဆိုပါ စစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၁၃၁ စုရှိပြီး လူဦးရေ ၆၀၀ ကျော် နေထိုင်ကြောင်း သိရသည်။

နမ္မတီးမြို့တွင် စစ်ရှောင်စခန်းနှစ်ခုရှိရာ KBC စစ်ရှောင်စခန်းမူ ကိုဗစ် ၁၉ ပိုးတွေ့လူနာ မရှိကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *