နောင်မွန်မြို့နယ်

ကချင်ပြည်နယ် နောင်မွန်မြို့နယ်ရှိ ကွာရန်တင်းစင်တာတွင် ကွာရန်တင်းဝင်နေသူများကို မြို့နယ် အုပ်ချုပ်ရေးမှူးက ဆေးစစ်ခ ၁၅၀၀၀ ကျပ် အဓမ္မကာက်ခံနေကြောင်း သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှု ဦးနမ်ရေးမင်က ဆေးစစ်ခ ၁၅၀၀၀ ကျပ် ကောက်ခံပြီး စင်တာတွင်လည်း အဆင်မပြေမှုများစွာရှိသည်ဟု အမည်မဖော်လိုသည့် ကွာရန်တင်းဝင်နေသူ တစ်ဦးက The 74 Media ကိုပြောသည်။

“တစ်သောင်းခွဲတောင်းလို့ Q ဝင်နေတဲ့သူတွေက တစ်သောင်းနဲ့ ဈေးညှိတော့ နောင်မွန် အုပ်ကြီးက မရဘူး၊ တစ်သောင်းခွဲ ပေးကို ပေးရမယ်လို့ပြောပြီး Q ဝင်နေတဲ့သူတွေဆီက မရမကတောင်းတယ် ပြီးရင် သောက်ဖို့ ရေသန့်တောင် မထားပေးဘူး။ လက်ဆေးဖို့နေရာလည်း မလုပ်ပေးထားဘူး အဆင်မပြေဘူး။ ရေချိုးဖို့ ဖလားခွက်တောင် အဆင်မပြေဘူး ဆေးဝါးကုသမှုအပိုင်းက မနက်ကျရင် အောက်ဆီဂျင်တို့ အဖျားတို့ လာတိုင်းတယ် အဲ့တာဘဲ ကျန်တဲ့ဟာက ဘာမှ မလုပ်ပေးဘူး” ဟုသူကပြောသည်။

ဒေသခံကွာရန်တင်းဝင်သူများကို အိမ်မှ အစားအသောက်များပို့ပေးရပြီး အခြားဒေသမှ ရောက်လာသူများမှာ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရကာ ချက်စားရသောနေရာတွင် အမိုးမရှိသောကြောင့် မိုးရွာလျင် အခက်အခဲရှိကြောင်း သူကဆက်ပြောသည်။

နောင်မွန်မြို့ တွင် ကိုဗစ်စင်တာကို နောင်မွန်မြို့ ရပ်ကွက် (၁) တွင် ပြုလုပ်ထားပြီး ဟိုတယ်ကွာရန်တင်းအတွက် နောင်မွန်မြို့ရပ်ကွက် ၄ ရှိ North point guest house တွင် တစ်ည 2000 နှုန်းဖြင့် ကွာရန်တင်း ဝင်နိုင်ကြောင်း သိရသည်။

ပူတာအိုမှ ဆေးထောက်ခံစာဖြင့် လာသူများ ကွာရန်တင်း (၄) ရက်ဝင်ရပြီး ထောက်ခံစာမပါသူများသည် (၁၀) ရက်ကွာရန်တင်း ဝင်ရမည်ဖြစ်ကြောင်းသိရသည်။

ကွာရန်းတင်းဝင်ရာတွင် စစ်ကောင်စီအသိုင်းအဝိုင်းနှင့် နီးစပ်သူများကို ကွာရန်တင်းစင်တာတွင် နှစ်ရက်ခန့်နေပြီး Home Quarantine နေခိုင်းခြင်းများလည်း ရှိကြောင်း သိရသည်။

ပူတာအိုမြို့တွင် စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဩဂုတ်လ ၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၁၃၅ ရှိပြီး သေဆုံးသူ နှစ်ဦး ရှိပြီဖြစ်သည်။

နောင်မွန်မြို့သည် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ (၇၈၅၄) နေထိုင်ကာ အများစုမှာ တောင်ယာအလုပ်ကိုသာ အဓိကလုပ်ကိုင်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ