မိုးညှင်းမြို့မှ ပြည်သူများ အားထားသည့် ဆရာဝန် ကိုဗစ်​ရောဂါဖြင့် ကွယ်လွန်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှ ပြည်သူများကို စေတနာဖြင့် ကုသပေးသည့် ဆရာဝန်တစ်ဦး ယနေ့နံနက် ၇နာရီ​ကျော်က ကိုဗစ်၁၉ ရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ကွယ်လွန်သွားသော ဆရာဝန်မှာ အသက် ၅၄ နှစ်အရွယ် ဒေါက်တာလှစိုးဖြစ်ပြီး ​အပြင်ဆရာဝန်တစ်ဦးဖြစ်​သည်။

​ဒေါက်တာလှစိုးသည် လူနာများထံမှ ကိုဗစ်ကူးစက်၍ ကွယ်လွန်သွားခြင်းဖြစ်​ကြောင်း နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

မိုးညှင်းမြို့မှ ပြည်သူများ အားထားသည့် ဆရာဝန် ကိုဗစ်​ရောဂါဖြင့် ကွယ်လွန်

 

“သူ့ဆေးခန်းမှာ လာပြသူတွေများတော့ ရှင်းရှင်းပြောရရင် သူ့လူနာတွေဆီကပဲကူးတာပေါ့နော်။ သူရော သူ့မိန်းမရော အကူးခံရပြီး နောက်ပိုင်းကျတော့ သူတို့လင်မယားနှစ်ယောက်စလုံး မိုးညှင်းဆေးရုံမှာ သွားတက်ကြတာ။ ကုသမှုခံယူနေတာ ၁၀ ရက်ကျော်လောက်တော့ရှိပြီပေါ့၊ သူကရောဂါအခံတွေလည်းရှိတော့ အောက်ဆီဂျင်လိုအပ်လို့ ဆက်တိုက်ပေးထားရတယ်။ ဆေးရုံပြောစကားအရဆိုတော့ အမောဖောက်ပြီး ဒီနေ့ပဲဆုံးသွားတယ်” ဟု ပြောသည်။

​ဒေါက်တာလှစိုး၏အမျိုးသမီးဖြစ်သူမှာလည်း ကိုဗစ် ကူးစက်ခံထားရ​သော်လည်း သက်သာ​ပျောက်ကင်းသွားသဖြင့် ယ​နေ့ ​ဆေးရုံမှ ဆင်းသွားကြောင်း သူက ပြောသည်။
ဒေါက်တာလှစိုးသည် စေတနာအရင်းခံသည့် ဆရာဝန်ဖြစ်သည့်အတွက် မြို့အတွက် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်​ကြောင်း သူကဆက်ပြောသည်။
“သူကအသပြာဆရာဝန်လည်း မဟုတ်ဘူး။ ၁၀၀၀ ပတ်ဝန်းကျင်လောက်ပဲ ကုသစရိတ်ယူတော့ သူ့ဆေးခန်းမှာအခြေခံလူတန်းစားတွေကုနေတာ လူများတယ်။ သူသေဆုံးသွားတဲ့အတွက် အခြေခံ လူတန်းစားတွေအတွက်ကတော့ ရွှေတောင်ကြီးပြိုလဲသွားသလိုခံစားရတယ်။ သူကတော်တော်လေးကို အရေးပါတာ။ ကိုယ့်ဆွေမျိုးသားချင်းထဲက ဆုံးသလိုကို ခံစားရတာ။ တကယ်စိတ်မကောင်းဘူး”ဟု ပြောသည်။
ကိုဗစ် ၁၉ ကြောင့် ကွယ်လွန်သွားသည့် ဒေါက်တာလှစိုးအား ယနေ့ မွန်းလွဲ နှစ်နာရီတွင် မီးသင်္ဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

မိုးညှင်းမြို့တွင် ကိုဗစ် ၁၉ တတိယလှိုင်း စတင်ဖြစ်ပွားချိန်မှစ၍ ဩဂုတ် ၃ရက်​နေ့အထိ သေဆုံးသူ ၁၁ဦးရှိပြီဖြစ်ပြီး ပိုးတွေ့လူနာစုစုပေါင်း ၄၀၀ ဝန်းကျင်ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ