ကေအိုင်အိုဌာနချုပ် လိုင်ဇာ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ကိုဗစ်၁၉ အတည်ပြုလူနာ ၃ ဦး တွေ့ရှိသဖြင့် လူနာများနေထိုင်သည့် စစ်ရှောင်စခန်းနှစ်ခုကို အသွားအလာကန့်သတ် (lockdown ချ) လိုက်ကြောင်း သိရသည်။

ပိုးတွေ့ရှိသူသည် ဂျေယန့် စစ်ရှောင်စခန်းမှ ၂ ဦးနှင့် ဝေကျိုင် စစ်ရှောင်စခန်းမှ တစ်ဦးဖြစ်သည်ဟု လိုင်ဇာ ကိုဗစ်၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် ကော်မတီမှ ဗိုလ်မှူးကြီး ဟိန်းဝမ်က က The 74 Media ကိုပြောသည်။
“နန်ဆန်ကနေ ခိုးဝင်လာတာ အဲ့တာ သတင်းရလို့ သူတို့ကို လာခေါ်သွားတာ၊ တစ်ယောက်က ဂျေယန့်က အမေနဲ့ ကလေး ပိုးတွေ့တာ သူတို့က ချောင်းဆိုးတာတွေ ရှိတယ်။ ဝေကျိုင်က တစ်ယောက်က ခိုးဝင်လာလို့ ကွာရန်တင်း ထားရာကနေ ပိုတွေ့တာ ဟုတ်တယ် သူကတော့ လက်ရှိ ကျန်းမာရေးကောင်းတယ်၊ သူတို့နဲ့ ထိစပ်တဲ့ သူတွေအားလုံးကို လောခ့်ဒေါင်းလုပ်ထားတယ် ကိုဗစ်ပြန်စစ်ဖို့လည်း လုပ်နေတယ်” ဟု သူကပြောသည်။
ဂျေယန့် စစ်ရှောင်စခန်းမှ ကိုဗစ်ပိုးတွေ့အိမ်နှင့် ထိစပ်နေအိမ်များကို လောခ့်ဒေါင်း ပြုလုပ်ထားကြောင်း စခန်းမှတာဝန်ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“လသားကလေးနဲ့ ကလေးမိခင် နှစ်ယောက်ပိုးတွေ့တယ်။ ခုက ကိုဗစ်စင်တာမှာ ထားထားပြီ၊ ဒီမနက်ကတည်းနေ သူနဲ့ ထိစပ်ထားတဲ့ မိသားစုနဲ့ အိမ် ၃ အိမ်ကို လောခ့်ဒေါင်း လုပ်ထားတယ်၊ ကိုဗစ်ကာကွယ်တာတွေ တော်တော်လေးလည်း လုပ်ထားတယ်၊ ဒီမှာက ပိုးတွေ့တာ များရင် မလွယ်ဘူး” ဟု သူကပြောသည်။

ပိုးတွေ့ရှိသည့် စစ်ရှောင်စခန်းနှစ်ခုမှ ဂျေယန့် စစ်ရှောင်စခန်းတွင် လူဦးရေ ၈၀၀၀ ကျော်နှင့် ဝေကျိုင် စစ်ရှောင်စခန်းတွင် လူဦးရေ ၆၀၀၀ ကျော် နေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ