စစ်​ရှောင်များ ကိုဗစ်ကူးစက်ခံရမည်ကို စိုးရိမ်​သော​ကြောင့် တိုက်ပွဲမငြိမ်​သက်သေး​သော်လည်း ​နေရပ်ပြန်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းဖရာကျေးရွာတွင် ကိုဗစ် သံသရလူနာများ တွေ့ရှိသောကြောင့် ထိုကျေးရွာတွင် စစ်ရှောင်နေသည့် ပြည်သူအချို့ သည် ၎င်းတို့၏ မူလနေရပ်သို့ ပြန်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ​ကေအိုင်​အေတို့ ဇူလိုင် ၁၄ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားသောကြောင့် ခိုင်းရွန်ကျေးရွာ ဂေါ်လုယန်ကျေးရွာ နှင့် ကွမ်ဆိုင်ကျေးရွာ သုံးရွာမှ ပြည်သူ ၂၀၀ ကျော်သည် ဆိုင်းဖရာကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။
၎င်းတို့ စစ်​​ရှောင်​နေသည့် ဆိုင်းဖရာ​ကျေးရွာရှိ ​ဒေသခံများတွင် ကိုဗစ် သံသယလူနာများ​တွေ့ရှိလာ​သော​ကြောင့် ကူးစက်လာမည်ကို စိုးရိမ်​သဖြင့် ​နေရပ်သို့ ပြန်ခဲ့ခြင်းဖြစ်ကြောင်း ​နေရပ်သို့ပြန်သွားသူ စစ်​ရှောင်တစ်ဦးက The 74 Media ကိုပြောသည်။
“တစ်အိမ်လုံး အနံ့မရဘူးလို့လည်းပြောတယ်။ ဒီမှာက ရောဂါ စစ်တာမျိုး မရှိသေးဘူး။ ဒါပေမယ့် များသောအားဖြင့် ကိုဗစ်လက္ခဏာတွေ တွေ့လို့ ပိုးတွေ့လို့ ယူဆကြတာပေါ့။ အဲ့တာကြောင့် စစ်ရှောင်တစ်ချို့က ဒီမှာ မနေရဲလို့ ရွာကိုပြန်တဲ့သူတွေလည်းရှိတယ်။ ဒီမှာပဲ လူစုလူဝေး မဖြစ်စေချင်တာပေါ့” ဟု​ပြောသည်။
ကိုဗစ်ကူးစက်ခံရမည် စိုးရိမ်​သော​ကြောင့် ခိုင်းရွန်ကျေးရွာနှင့် ဂေါ်လုယန်ကျေးရွာမှ စစ်​ရှောင်အိမ်​ထောင်စု ၁၁စုသည် နေရပ်ပြန်သွား​ကြောင်းသိရသည်။
နေရပ်သို့ ပြန်လာသော်လည်း လက်ရှိချိန်တွင် စစ်ပွဲဖြစ်ပွားမည်ကိုလည်း စိုးရိမ်ကြောက်ရွံ့နေရကြောင်း ​ဒေသခံတစ်ဦးက ပြောသည်။
“မနေ့ညကအထိတော့ လက်နက်ကြီးတွေပစ်နေကြသေးတယ် ၊ ဒါပေမယ့် ကိုဗစ်တွေ့တယ်လို့ပြောလို့ လက်နက်ထက် ကိုဗစ်ကိုကြောက်လို့ ပြန်လာတာပေါ့။ ပြန်တာက ယာယီ​ပေါ့။လက်နက်ကြီးပစ်လည်း ကိုယ့်အိမ်မှာ တည့်တည့်လာမပစ်ရင်တော့ ပြေးရင် လွှတ်မယ်ထင်တယ်။ ကိုဗစ်ကတော့ ကူးစက်ခဲ့ရင် မလွယ်လို့လေ။ ဆေးကုသတာတွေ ဆေးဝါးတွေလည်း ဘာမှ မပြည့်စုံလို့လေ” ဟု ပြောသည်။
၎င်းတို့စစ်​ရှောင်​ခဲ့သည့် ဆိုင်းဖရာကျေးရွာမှ ကိုဗစ်သံသယလူနာများကို ​ဆေးကုသပေးနေ​သော်လည်း ဆေးဝါးအခက်အခဲနှင့် ​အောက်စီဂျင်အခက်အခဲများရှိကြောင်း သိရသည်။
စစ်​ရှောင်အချို့ ​နေရပ်ပြန်သွား​သော်လည်း ကားမိုင်း-ဖားကန့်လမ်းမ​ပေါ်ရှိ နန့်ယား​ကျေးရွာအနီးမှ စစ်​ကောင်စီတပ်က လက်နက်ကြီးများဖြင့် ယမန်​​နေ့ညပိုင်းအထိ ပစ်ခတ်မှုများရှိ​နေသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ရက်​နေ့က ဆိုင်းဖရာကျေးရွာအတွင်းသို့ စစ်​ကောင်စီ၏ လက်နက်ကြီးကျသဖြင့် ပြည်သူ ၆ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

– ဆိုင်းဖရာသို့ စစ်ဘေးတိမ်းရှောင်လာသည့် ဇူလိုင်လ ၁၄ ရက်နေ့က ရိုက်ကူးထားသောပုံဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ