ကသာတွင် စစ်ကောင်စီ၏ မော်တော်ယာဉ်တစ်စီးကို PDF များ မိုင်းခွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့နယ်အဝင် ၅ မိုင်ကုန်းတွင် ယနေ့နံနက်စစ်ကောင်စီ၏ မော်တော်ယာဉ်တစ်စီးကို ဒေသခံ PDF များမှ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ကသာတွင် စစ်ကောင်စီ၏ မော်တော်ယာဉ်တစ်စီးကို PDF များ မိုင်းခွဲတိုက်ခိုက်

 

ကားမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များက အခင်းဖြစ်ပွားရာအနီးတစ်ဝိုက်တွင် ခြောက်လှန့် ပစ်ခတ်ခဲ့ပြီး အနီးရှိ တဲအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“သူတို့ကစစ်ကားမဟုတ်ဘူး။ အပြင်ကား မြေတွေ၊ ကျောက်တွေသယ်တဲ့ကား အဖြူရောင်နဲ့ လာကြတာ။ ကသာမရောက်ခင် ၅ မိုင်ကုန်းဆိုတဲ့နေရာမှာ မိုင်းဆွဲခံရတာပေါ့။ ဘေးနားကို ခြောက်လန့်ပစ်တာတွေရှိတယ်။ တောနင်းပြီး သေနတ်ဖောက်တာတွေရှိတယ်။ လူနေ၊ မနေတော့ မသိဘူးဗျ တဲအိမ်တစ်လုံး မီးလောင်နေတာတော့ တွေ့ခဲ့တယ်။” ဟုသူကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးသည့်နောက် မွန်းလွှဲပိုင်းတွင် စစ်ကောင်စီတပ်များက ကာသာမြို့ မီတာ ၄၀၀ တိုက်တန်းရှိ ဆိုင်ခန်းများကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်ပြီး ဆိုင်ခန်းမှ မှန်များကို ရိုက်ခွဲသွားကြောင်း သူကဆက်ပြောသည်။

“နေ့လယ်ပိုင်းလောက်ကလည်း မြို့ထဲက ဗိုလ်ချုပ်ကြေးရုပ်နားကနေ ရဲစခန်းဘေးပတ်ပတ်လည် သူတို့ လမ်းတွေပိတ်ပြီး မီတာ ၄၀၀ တိုက်တန်းက ဆိုင်တစ်ချို့ကို ဝင်စစ်တယ်။ ဆိုင်ပိုင်ရှင်ရှိတဲ့ဟာတွေက တံခါးအေးဆေးဖွင့်ပေးတယ်။ တချို့က ဆိုင်ပိုင်ရှင်မရှိတော့ သော့တွေဖျက်ပြီး အကုန်ဝင်ရှာတယ်။ မှန်တွေရိုက်ခွဲသွားတယ်လို့လည်း ပြောကြတယ်” ဟုသူကပြောသည်။

ဖြတ်သန်းသွားလာသည့် ပြည်သူများကို တားဆီး၍ ဖုန်းစစ်ဆေးခြင်းများပြုလုပ်ပြီး သေနတ်ပစ်ဖောက်မှုများလည်း ရှိသည်ဟု သိရသည်။

ကသာမြို့တွင် လွန်ခဲ့သည့် ဇူလိုင် ၁၂ရက်နေ့ ညကလည်း စစ်ကောင်စီတပ်များက သေနတ် ရမ်းတမ်းပစ်ခတ်မှုများရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ