မြစ်ကြီးနားမြို့ မီးသတ်တပ်ဖွဲ့

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ ဗဟိုမီးသတ်တပ်ဖွဲ့ရုံးရှိ ဝန်ထမ်းရှစ်ဦးတွင် ကိုဗစ်၁၉ ပိုးတွေ့ရှိကြောင်း သိရသည်။

ဝန်ထမ်းခြောက်ဦးကို ဇူလိုင်လ ၁၂ ရက်နေ့ တွင် ကိုဗစ်၁၉ ရောဂါပိုးစစ်ဆေးခဲ့ရာ ငါးဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မီးသတ်တပ်ဖွဲ့ဝင်များနှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ခြောက်ယောက်စစ်ဆေးတာ ငါးယောက်ပိုးတွေ့တယ် ရုံးတော့ lockdown အခုထိ မချသေးဘူး ပိုးတွေ့မိသားစုတွေကိုလည်း မစစ်ဆေးပေးဘူး၊ ခုပိုးတွေ့တဲ့ သူတွေကိုလည်း နေမကောင်းဖြစ်လာလို့သာ စစ်ဆေးပေးတာ” ဟုသူကပြောသည်။
မီးသတ်တပ်ဖွဲ့ဝင်မိသားစုမှ အမျိုးသမီးနှစ်ဦး နေမကောင်းဖြစ်၍ သွားရောက်စစ်ဆေးရာ ဇူလိုင်လ ၈ ရက်နေ့တွင် ပိုးတွေ့ရှိခဲ့ပြီး ဇူလိုင် ၉ ရက်နေ့တွင်လည်း တစ်ဦး ထပ်မံပိုးတွေ့ရှိခဲ့ကြောင်း သူကဆက်ပြောသည်။
ပိုးတွေ့ရှိသူ စုစုပေါင်း ရှစ်ဦးရှိပြီး ဇူလိုင်လ ၈ ရက်နေ့က ပိုးတွေ့ ခဲ့သော အမျိုးသမီးနှစ်ဦးသည် စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်ပိုးတွေ့လူနာများကို ပလန မီးသတ်ရုံးခွဲတွင် ထားရှိကြောင်းသိရသည်။
စစ်ကောင်စီ၏ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့ထိ ပိုးတွေ့သူ စုစုပေါင်း ၂၆၇ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိပြီဖြစ်သည်။

– ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ