ဒေါ့ဖုန်းယန်မြို့

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့တွင် ယမန်နေ့ ည ၉ နာရီခွဲမှ ၁၁ နာရီဝန်းကျင်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများရမ်းတမ်းပစ်ခတ်ခဲ့သောကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး နွားလေးကောင် သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) နှင့် ဒေါ့ဖုန်းယန်တွင် တပ်စွဲသည့် တပ်မ (၈၈)တို့ ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ညက လက်နက်ကြီး ပစ်ခတ်သောကြောင့် လက်နက်ကြီးစ ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက The 74 Media ကိုပြောသည်။
“မနေ့ည စစ်တပ်ဘက်က လက်နက်ကြီးတွေရမ်းပစ်တာ။ ရပ်ကွက်(၃) က အိမ်တစ်အိမ်ရဲ့ နွားခြံမှာသွားကျတာ။ နွား လေးကောင် သေသွားတယ်။ အဲ့ဒီအိမ်က အိမ်ရှင်ယောကျ်ားရော လက်မှာ လက်နက်ကြီးစ မှန်တယ်လို့ပြောတယ်” ဟုသူကပြောသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဒေါ့ဖုန်းယန်တွင် စစ်ကောင်စီတပ်များ၏ လက်နက်ကြီး ရမ်းတမ်းပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူများ မကြာခဏ လက်နက်ကြီးစမှန်ပြီး မြေမြုပ်မိုင်းနှင်းမိသူများလည်းရှိခဲ့သည်။

မိုးမောက်မြို့နယ်နှင့် ဒေါ့ဖုန်းယန်မြို့နယ် (ခွဲ) တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတပ်ဖွဲ့များအကြား ဧပြီလမှစတင်ကာ တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ