ဟိုပင်တွင် ဗျူစောထီးအဖွဲ့က ခြိမ်းခြောက်စာများ လိုက်လံဖြန့်ဝေနေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဟိုပင်မြို့တွင် ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့ နံနက်က ဒေသခံ မိသားစု ၄၃ စုကို ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး သေဆုံးမှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ ပျူစောထီးအဖွဲ့မှ ခြိမ်းခြောက်စာများ လိုက်လံဖြန့်ဝေနေကြောင်းသိရသည်။

ဟိုပင်တွင် ဗျူစောထီးအဖွဲ့က ခြိမ်းခြောက်စာများ လိုက်လံဖြန့်ဝေနေ

 

ဟိုပင်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦး သေဆုံးခဲ့မှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ပတ်သက်နေသည်ဟု စွပ်စွဲကာ ထပ်မံအသတ်ခံရပါက ဒေသခံ မိသားစု ၄၃ စုကို အလျော်အစားအနေနှင့် ပေးဆပ်ရမည်ဟု ခြိမ်းခြောက်စာများ လိုက်လံဖြန့်ဝေနေခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မိုးညှင်းဈေးထဲမှာ လိုက်ဝေနေတာ၊ လူသတ်မှုနဲ့ ဘာမှ မဆိုင်တဲ့သူတွေ ဟိုပင်ရဲ့ မြို့မျက်နှာဖုံးတွေ တော်တော် များများ ပါတယ်။ ထုတ်ခံရတဲ့သူတွေက ဟိုပင်မြို့ရဲ့ စည်ပင်ဝပြောမှုအတွက် လုပ်ဆောင်ပေးနေတဲ့ လူတွေ” ဟုသူကပြောသည်။
ယခင်က မြင်းခြံတွင်လည်း ယခုကဲ့သို့ စားထုတ်ပြန်ခဲ့ပြီးနောက်တွင် ပစ်သတ်မှုများဖြစ်ပွားခဲ့သောကြောင့် နာမည်စာရင်းတွင် ပါဝင်သူများကို ဒေသခံများက စိတ်ပူကြောင်း သူကဆက်ပြောသည်။
“အဲ့ထဲမှာ ကျတော် သိတဲ့ လူကြီးပိုင်းတွေလည်းပါတယ် စိတ်ပူတာ၊ မြင်းခြံမှာလည်း အဲ့လိုစာထုတ်ပြီးတော့ ပစ်သတ်ကြတာလေနော့် အခုထုတ်ထားတဲ့ လူတွေကို ဘယ်နေ့လာအန္တရာယ်ပြုကြမလဲမသိဘူး” ဟုသူကပြောသည်။
မိုးညှင်းမြို့ရှိ ပျူစောထီးအဖွဲ့သည် စစ်ကောင်စီတပ်နှင့် နီးစပ်သူ တရုတ်လူမျိုးတစ်ဦးက ဦးဆောင် လှုပ်ရှာနေခြင်း ဖြစ်သည်ဟုသူကဆက်ပြောသည်။
ကချင်ပြည်နယ် ဟိုပင်မြို့တွင် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးကို ဇူလိုင် ၁၀ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က အမည်မသိ သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် နေရာအချို့တွင် မေလမှ စတင်ကာ သတင်းပေးဟု စွပ်စွဲခံရသူများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများနှင့် NLD ပါတီကို အားပေးထောက်ခံသူအချို့ လုပ်ကြံသတ်ဖြတ်မှုများရှိခဲ့ပြီး မည်သူမည်ဝါ သတ်ဖြတ်သည်ကို မသိရပါ။

သင့်ထင်မြင်ချက်ရေးပေးပါ