လွိုင်လင်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်မြောက်ပိုင်း၊ လွိုင်လင်လေးမြို့အရှေ့ဘက်ရှိ တီးလုံရွာအနီးတွင် ယနေ့ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ရှစ်နာရီခန့်က ကရင်နီတပ်မတော် (KNPP) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့ တစ်ရက်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွာခဲ့ကြောင်း သိရသည်။

တိုက်ပွဲသည် ယနေ့နံနက်တွင် နာရီဝက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ KNPP ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်ကောင်စီဘက်က အရင်နယ်ကျွံလာပြီး လျှောက်ပစ်တော့ KNPP နယ်ဖြစ်နေတော့ ထိပ်တိုက်တွေ့ပြီး အပြန်အလှန် ပစ်ကြတာပဲ။ အဲ့အနီးနားက ရွာသားတွေကတော့ ဒဏ်ရာရတဲ့သူတွေတော့ မရှိဘူးလို့ပြောတယ်။ ခဏတိမ်းရှောင်နေရတာပေါ့။ လက်နက်ကြီးအသံတွေလည်း ကြားနေရတယ်။ KNPP က သူတို့နယ်ထဲ ဝင်လာရင်ပစ်မယ် ပြောပြီးသားဆိုတော့ အဲ့ဒါတွေကြောင့်လည်း တိုက်ပွဲဖြစ်တာဖြစ်မယ်။” ဟုသူက ပြောသည်။
မွန်းလွဲ နှစ်နာရီခန့်က နန်လုံကျေးရွာအနီးတွင် ၁၅ မိနစ်ခန့်တစ်ကြိမ်နှင့် ညနေလေးနာရီခန့်တွင် ဘုရားဖြူကျေးရွာအနီးတွင်လည်း တစ်ကြိမ် ထပ်မံ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားကြောင်း သူကဆက်ပြောသည်။
နှစ်ဖက်အပစ်အခတ်ရပ်စဲရေးကို သဘောတူညီချက်ကို ဇွန်လတွင်ရယူထားပြီးဖြစ်သော်လည်း စစ်ကောင်စီတပ်က မကြာခနဖောက်ဖျက်မှုများ ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
“မအလတွေက KNPP ရဲ့သဘောတူညီစာချုပ်ကို အကြိမ်ကြိမ်ဖောက်ဖျက်နေတာ။ အပစ်အခတ်ရပ်စဲရေး တစ်လကြားထဲက မအလတွေအရင်ဆုံး လက်ယားနေတယ်။ ပစ်ခတ်တာ ခဏခဏဖြစ်နေတယ်။ ယာယီရပ်စဲတာက အရှိန်ယူနေတယ်လို့ပဲမြင်တယ်။ စစ်အင်အားတွေထပ်ဖြည့်လို့ ဒီနေ့တစ်နေ့တည်းကို စစ်သုံးကြိမ်ဖြစ်တယ်။ ရွာထဲအထိ ဝင်ပစ်နေတော့ အခြေအနေအတော်ဆိုးတယ်ပြောရမှာပဲ”ဟုသူကပြောသည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုအခြေအနေအား အတိအကျမသိရသေးသည့်အပြင် KNPP ဘက်တွင် PDF များလည်း ပါဝင်တိုက်ပွဲဝင်နေကြောင်းသိရသည်။

ကယားပြည်နယ်တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့တို့၏ နှစ်ဖက်တိုက်ပွဲများကို ယာယီရပ်စဲရန် လွန်ခဲ့သည့် ဇွန်လ (၁၅)ရက်နေ့တွင် KNDF မှ သတင်းထုတ်ပြန်ကြေညာခဲ့သော်လည်း တိုက်ပွဲများဆက်လက်ဖြစ်ပွားလျက်ရှိနေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ