မြစ်ကြီးနား ယုဇနရပ်ကွက်တွင် အမျိုးသားတစ်ဦး ကိုဗစ်၁၉ ပိုးတွေ့သဖြင့် နေအိမ်ကို အသွားအလာကန့်သတ်

မြစ်ကြီးနားမြို့၊ ယုဇန ရပ်ကွက် စည်ပင်သာယာလမ်း ဂေါ်ရခါး ဘုရားကျောင်းရှေ့ နေအိမ်မှ အမျိုးသားတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့် ယနေ့ ဇူလိုင်လ ၉ ရက် ညနေ ၆ နာရီခန့်တွင် နေအိမ်ကို အသွားအလာကန့်သတ်လိုက်ကြောင်း သိရသည်။

ကိုဗစ်တွေ့ရှိသူ အသက် ၉၀ ကျော် အမျိုးသားသည် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာရှိ ကချင်ဓမ္မတက္ကသိုလ်မှ ဆရာနင်ရန်တူးနန်၏ ဖခင်ဖြစ်ပြီး လက်ရှိအချိန် မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ဟု အိမ်နီးချင်း တစ်ဦးက The 74 Media ကိုပြောသည်။
“ခုက ဆေးရုံမှာ ထားထားတယ်တဲ့၊ အသက် ၉၀ ကျော် အိမ်ထောင်ဦးစီးဖြစ်တာ၊ သူက အရင်တည်းက အမောဖောက်ဖောက်လာလို့ အောက်ဆီဂျင်ဘူးနဲ့နေတာ ဟုတ်တယ် လူကြီးရောဂါပေါ့၊ အစားမှားလို့ ဆေးရုံသွားပြတာကနေ ကိုဗစ်၁၉ စစ်တော့ ပိုးတွေ့တယ်လို ပြောလိုက်တာတဲ့” ဟု သူကပြောသည်။
နေအိမ်ဝင်းအတွင်း ဆိုင်ဖွင့်ထားသူများကို နေအိမ်ပြန်ရန်ပြောဆိုပြိး နေအိမ်ကို အသွားအလာကန့်သတ်လိုက်ခြင်းဖြစ်သည်ဟု သူကဆက်ပြောသည်။
“မိသားစုဝင်တွေက အိမ်မှာပဲ အဲ့မှာဆိုင်ဖွင့်ထားတဲ့သူတွေကို က ကိုယ့်အိမ်ကိုပြန်ဖို့ပြောထားတယ် ၊ သူတို့တားပြီးတဲ့နောက်ပိုင်း ဆိုင်ခန်းတွေပိတ်ခိုင်းထားပြီ” ဟုသူကဆက်ပြောသည်။

ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၆ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၂၈၇ ဦးဖြစ်ပြီး ၁၀၉ ဦးမှာ မြစ်ကြီးနားမြို့မှဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ