ဗလမင်းထင်တံတား

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဗလမင်းထင်တံတားအနီးတွင် ဇူလိုင်လ ၇ ရက်နေ့ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ဈေးသည် အမျိုးသမီး၏ ရုပ်အလောင်းကို စစ်ကောင်စီတပ်မှ ယူဆောင်သွားပြီး မိသားစုထံ ပြန်လည်ပေးအပ်ခြင်း မရှိကြောင်းသိရသည်။

သေဆုံးသူ၏ အလောင်းပြန်လည်ရရှိရန် မိသားစုဝင်များက တပ်ဆေးရုံတွင် သွားရောက်စောင့်ဆိုင်းနေသော်လည်း သဂြိုလ်မည့်နေရာသို့ လိုက်လာရန် ပြောခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက The 74 Media ကိုပြောသည်။
“ဒီနေ့တစ်နေကုန်လုံးစောင့်နေတာ တစ်နေ့လုံးဈေးမရောင်းဘဲ သွားထိုင်စောင့်တာ မပေးဘူး။ အလောင်းက အိမ်ကို ယူလို့မရဘူးတဲ့၊ ဘယ်မှာ သင်္ဂြိုလ်မယ်မသိဘူး စစ်တပ်ကကားနဲ့ပဲ သင်္ဂြိုလ်မှာတဲ့ မနက်ဖြန် သင်္ဂြိုလ်မယ်ထင်တယ် အိမ်ကလူတွေ လိုက်လို့ရတယ်တဲ့” ဟုသူကပြောသည်။
သေဆုံးသူ အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတွင် သားသမီးလေးယောက်ရှိပြီး မိုင်းနားစုပေါင်းဂိတ်အနီးတွင် သစ်သီးရောင်းချ၍ အသက်မွေးဝမ်းကြောင်းပြုသူဖြစ်ကြောင်း သူကဆက်ပြောသည်။

စစ်ကောင်စီတပ်က ဝိုင်းမော်မှ လာသော ကားကို စစ်ဆေးရန် ရပ်ခိုင်းသည်ကို မရပ်တန့်ပဲ ပြန်ခေါက်သွားသောကြောင့် သေနတ်ပစ်ခတ်ရာတွင် ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ