ပူတာအို

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းတစ်ဦးတွင် ယမန်နေ့ ဇူလိုင်လ ၆ ရက်နေ့က ကိုဗစ် ၁၉ ပိုး တွေ့ရှိကြောင်းသိရသည်။

ပူတာအိုမြို့နယ်မှ အထွေထွေအုပ်ချုပ်ရေးမှူးသည် အနံ့ပျောက်၍ ပြည်သူ့ဆေးရုံတွင် သွားစစ်ဆေးရာ ကိုဗစ်ပိုးတွေ့ရှိပြီး မိသားစုဝင်များနှင့် ဝန်ထမ်းတစ်ဦးတွင်လည်း ပိုးတွေ့ရှိခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးက The 74 Mediaကိုပြောသည်။
“မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာ အနံ့ပျောက်သွားလို့ ပြည်သူ့ဆေးရုံမှာသွားစစ်ကြည့်တာ အဲ့အုပ်ချုပ်ရေးရုံးက သူတို့မိသားစုလိုက် လေးဦးမှာ ကိုဗစ်ပိုးတွေ့တယ်။ ဒီနေ့ ထွေအုပ်ရုံး ဝန်ထမ်း ၄၀ ကိုစစ်တာ တစ်ယောက်ပြန်တွေ့တယ်။ အမျိုးသမီး စာရေးလို့ပြောလို့ရတယ်” ဟုသူကပြောသည်။
အထွေထွေအုပ်ချုပ်ရေးမှူး၏ သားနှစ်ဦးမှာ ပူတာအို အခြေခံပညာအထက်တန်းကျောင်းတွင်း ပညာသင်ကြားနေကြောင်း သူကဆက်ပြောသည်။
ပိုးတွေ့လူနာများသည် လက်ရှိ ပူတာအို ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။

ကိုဗစ်တတိယလှိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမြို့နယ်၌ ပထမဆုံးပိုးတွေ့ရှိသူဖြစ်ပြီး ကချင်ပြည်နယ်တွင် ပိုးတွေ့ရှိသူ စုစုပေါင်း ၂၈၇ ဦးရှိပြီဟု စစ်ကောင်စီ၏ ကျန်းမာရေးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ