စစ်အာဏာသိမ်းပြီးနောက် အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးဖော်မှု ပိုမိုများပြားလာ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားမဝင် ရွှေတူးဖော်မှုများ ပိုမိုလုပ်ကိုင်လာသည်ဟု ဒေသခံများထံမှ သိရသည်။

တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းများကို အင်းတော်ကြီးရေအိုင်အနီးတစ်ဝိုက်ကျေးရွာများဖြစ်သည့် မိုင်းနောင်၊ မမုန်ကိုင်၊ နန့်ပဒဲ၊ နန့်မီးလောင်၊ ညောင်ပင်၊ အောက်ရွှေကျင်၊ အထက်ရွှေကျင်၊ ညောင်ထောက်၊ နန့်ပေါ်ဦး စသည့်ကျေးရွာများတွင် လုပ်ကိုင်နေခြင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် အင်းတော်ကြီးဒေသတွင် တရားမဝင်ရွှေတူးဖော်မှု ပိုမိုများပြားလာ

 

ယခင်က ရွှေတူးဖော်မှုများတွင် အသုံးမပြုကြသည့် စက်ယန္တရားကြီးများနှင့်ပင် တူးဖော်နေကြကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ကုမ္ပဏီအထိမဟုတ်ရင်လည်း စက်ကြီးယန္တယားတွေသုံးပြီး မြေနေရာဝယ်ယူပြီး ရွှေတူးဖော်မှုတွေရှိနေတယ်။ ရွှေလုပ်ငန်းလုပ်တဲ့သူတွေ ဒီဒေသမှာ တရားမဝင်တွေကြီးပဲ။ တရားဝင်လုပ်ခွင့်ရှိတဲ့ နေရာတွေက တက်လက် ရွှေမှော်တွေဘက်ရှိတယ်။ အခုယန္တရားကြီးတွေနဲ့ တူးဖော်တဲ့နေရာက တရားဝင်တော့လုပ်နေတာတော့ မဟုတ်ဘူး။ အရင်ကဘတ်ဟိုး မသုံးဘူး။ အခုသုံးလာတယ်”ဟု ပြောသည်။
ထိုကဲ့သို့ တရားမဝင် စက်ယန္တရားများဖြင့်တူးဖော်မှုကို စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုတွေ့လာရပြီး သစ်တောများဆုံးရှုံးနေရကာ သစ်မခုတ်ရ ဆိုင်းဘုတ်ကပ်ထားသည့် သစ်ပင်သာ ကျန်ရှိတော့ကြောင်း ဒေသခံများကပြောသည်။
တရားမဝင်ရွှေတူးဖော်မှုများသည် အင်းတော်ကြီး​ရေအိုင်အနီးဝန်းကျင်ရှိ သဘာဝပတ်ဝန်းကျင်ကို ဆိုးဝါးစွာထိခိုက်စေသည်ဟု အခြားဒေသခံတစ်ဦးက ဆက်ပြောသည်။
“နစ်နာမှုကတော့ ကျွန်တော်တို့ပတ်ဝန်းကျင်ဆိုတဲ့အထဲမှာ ဒီရွှေတူးဖော်လိုက်တဲ့ စွန့်ပစ်ပစ္စည်းတွေက တိုက်ရိုက် အင်းတော်ကြီးထဲ ဝင်တာရှိတယ်။ နောက်ပြီးတော့ ကျွန်တော်တို့လယ်ယာနဲ့ နီးစပ်တဲ့နေရာတွေမှာလည်း ဝင်လာတာတွေရှိတာပေါ့။ တချို့အဲ့ဘက်ကလာတဲ့ နွံတွေကြောင့်လည်း လယ်တချို့ လုပ်လို့ မရတာလည်းရှိတာပေါ့”ဟု ပြောသည်။
အင်းတော်ကြီးဒေသတွင် ရွှေတူးဖော်မှုလုပ်ငန်းကို လွန်ခဲ့သည့် ဆယ်နှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး တရားမဝင်တူးဖော်မှုများနှင့် စက်ယန္တရားကြီးများဖြင့် အသုံးပြုသောကြောင့် ဒေသတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ ပိုများလာကြောင်း သိရသည်။
ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးဒေသတွင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအဖြစ်ဆုံးနေရာများမှာ မိုင်းနောင်၊ မမုန်ကိုင်၊ နန့်ပဒဲ၊ နန့်မီးလောင်၊ ညောင်ပင်၊ ညောင်ထောက်စသည့် ကျေးရွာများအနီးတွင်ဖြစ်ကြောင်းသိရသည်။

NLD အစိုးရလက်ထက် ကချင်ပြည်နယ် သတ္ထုတွင်းဦးစီးဌာနမှ ရရှိသော အချက်အလက်များအရ အင်းတော်ကြီး တက်လက်ဒေသတွင်ရှိသော မြောက်ပိုင်းကြယ်သုံးပွင့်ကုမ္ပဏီတစ်ခုသာ မြေဧကပေါင်း ၁၃၁ ဧကတွင် အကြီးစား၊ အလတ်စား ရွှေနှင့် သတ္ထုတူးဖော်ရန်အတွက် လျှောက်ထားခဲ့ပြီး ကျန်ရှိသော မြေဧက ၃၆၃ ဧကတွင်မူ မည်သူမျှ လျှောက်ထားခြင်းမရှိကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ