ဒေါ်သက်သက်ခိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်အချို့၊

အမေရိကန်အစိုးရက စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးနှင့် စစ်ဗိုလ်ချုပ်ကြီးများ၏ ဇနီးနှင့် သားသမီး ၁၅ ဦးကို ဇူလိုင်လ ၂ ရက်နေ့တွင် စီးပွားရေးအရ ထပ်မံပိတ်ဆို့အရေးယူလိုက်သည်။

အမေရိကန်အစိုးရက စီးပွားရေးအရ ထပ်မံပိတ်ဆို့အရေးယူသူ စုစုပေါင်း ၂၂ ဦးတွင် စစ်ကောင်စီအဖွဲ့ဝင် သုံးဦး၊ စစ်ကောင်စီက ခန့်ထားသည့် ဝန်ကြီးလေးဦး၊ စစ်ဗိုလ်ချုပ်များ၏ ဇနီး ၈ ဦးနှင့် သားသမီး ၇ ဦးတို့ ပါဝင်သည်။

အရေးယူခံရသူများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (န.စ.က) အဖွဲ့ဝင် ဦးစောဒယ်နီရယ်လ်၊ ဦးဗညားအောင်နှင့် ဒေါ်အေးနုစိန်၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဒေါ်သက်သက်ခိုင်၊ သတင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနဝန်ကြီး ဦးချစ်နိုင်၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးမြင့်ကြိုင် တို့ပါဝင်သည်။
ဒေါ်သက်သက်ခိုင်အပါအဝင် စစ်ကောင်စီအဖွဲ့ဝင်အချို့၊
ထို့အပြင် န.စ.က ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှ၊ န.စ.က ဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဇနီး ဒေါ်သက်သက်အောင်၊ ဗိုလ်ချုပ်ကြီးတင့်အောင်ဆန်း၏ဇနီး ဒေါ်သန်းသန်းအေး၊ ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၏ဇနီး ဒေါ်အောင်မာမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏ ဇနီး ဒေါ်ခိုင်ပပချစ်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ ဇနီး ဒေါ်နီလာနှင့် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ ဇနီးဒေါ်ဥမ္မာမြင့်တို့ပါဝင်သည်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၏သားသမီးများဖြစ်ကြသည့် ဒေါ်မိုးထက်ထက်ထွန်း၊ ဒေါ်ခိုင်မိုးမြင့်၊ ဒေါ်ရတနာမိုးမြင့်၊ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၏ သမီး ဒေါ်သိမ့်သဉ္ဇာရည်နှင့် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ သားသမီးများဖြစ်ကြသည့် ဒေါ်ရွှေရူပါအောင်၊ ဦးလှိုင်ဘွားအောင်နှင့် ဦးဖြိုးအာကာအောင်တို့ ပါဝင်သည်။
ပိတ်ဆို့အရေးယူခံရသည့် စစ်ဗိုလ်ချုပ်များ၏ သားသမီးများတွင် ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ သားသမီးများသည် ဆောက်လုပ်ရေးကုမ္ပဏီများကို ပိုင်ဆိုင်ထားကြသည်။
ထို့အပြင် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ဝမ်ပေါင်သတ္တုတူးဖော်ရေးလီမိတက်၊ ၎င်းလီမိတက်၏လက်အောက်ခံကုမ္ပဏီနှစ်ခုနှင့် King Royal Technologies ကုမ္ပဏီတို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းအတွင်း ထည့်သွင်းလိုက်သည်။
အဆိုပါကုမ္ပဏီများသည် မြန်မာစစ်တပ်အတွက်အခွန်ဘဏ္ဍာ နှင့်/သို့မဟုတ် အခြားသောအထောက်အကူများကိုပံ့ပိုးနေပြီး ဝမ်ပေါင်သတ္တုတူးဖော်ရေးနှင့် ၎င်း၏လက်အောက်ခံကုမ္ပဏီတို့သည် လက်ပတောင်း ကြေးနီသတ္တုတူးဖော်ရေးအပါအဝင် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကျူးလွန်မှုတို့နှင့် ကာလရှည်ကြာပါဝင်ပတ်သက်နေခဲ့ကြသည့် အဖွဲ့အစည်းများဖြစ်ကြသည်။

အမေရိကန်အစိုးရက ယခင်ကလည်း အလားတူ ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ဖူးပြီး စစ်ကောင်စီအဖွဲ့ဝင်အများစုကို စီးပွားရေးအရ ပိတ်ဆို့အရေးယူထားပြီးဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ