ကေအိုင်အေလက်နက်

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် နမ့်စမ်းကျေးရွာနှင့် နောင်ပင်ကျေးရွာတို့တွင် ယနေ့ ဇူလိုင်လ ၃ ရက် နံနက် ၄ နာရီခွဲခန့်က ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ကသာ ပြည်သူ့ကာကွယ်ရေးတပ် (KPDF) တို့၏ ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် အစောပိုင်း ၄ နာရီခွဲအချိန်မှ နံနက် ၈ နာရီထိ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားသောကြောင့် နမ့်စမ်းကျေးရွာတွင် နေအိမ်အချို့ မီးလောင်မှုများရှိကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“နမ့်စမ်းမှာဖြစ်ကြတာ။ နောင်ပင်ဘက်လည်း ပစ်တယ်တဲ့။ ဒါပေမယ့် နမ့်စမ်းမှာ ပစ်ကြတာ ပိုများတယ်။ တချို့အိမ်တွေ လက်နက်မှန်လို့ မီးလောင်တာရှိတယ်။ ရွာစာသင်ကျောင်းနားမှာ စကာပေါက်ကျတာတွေရှိတယ်” ဟု သူကပြောသည်။
တိုက်ပွဲသည် နံနက် ၄ နာရီခွဲမှ ၅ ခွဲထိတစ်ကြိမ် ၆ နာရီမှ ၈ နာရီထိ တစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နမ့်စမ်းရွာမှ ပြည်သူများ တစ်ရွာလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သူကဆက်ပြောသည်။
တိုက်ပွဲဖြစ်ပွားသောကြောင့် နှစ်ဖက်အကျအရှုံးနှင့် ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကသာမြို့နယ် မိုးတားလေးအုပ်စု ရွှေကျောင်းကုန်း ကျေးရွာအနီးတွင် ဇွန်လ ၂၄ ရက်နေ့၌ ကေအိုင်အေနှင့် PDF တို့၏ပူးပေါင်းတပ်တို့နှင့် စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ