ကေအိုင်အေ (kia)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားစုပေါင်းဂိတ်ကို ယနေ့ညနေ ဇွန်လ၂၃ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်ခန့်က ကေအိုင်အေက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက အတည်ပြုသည်။

မိုင်းနားစုပေါင်းဂိတ်ကို ကေအိုင်အေ တပ်မဟာ (၅) တပ်ရင်း (၃) မှ တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအိုင်အို၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက The 74 Media ကိုပြောသည်။
“ဗလမင်းထင်နားက မိုင်းနားစုပေါင်းဂိတ်ကို ကျွန်တော်တို့တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့တာပါ၊ ခြောက်လှန့်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာပါ၊ သတင်းအတိအကျတော့ ကျွန်တော့်ဆီ မတက်လာသေးပါဘူး” ဟု ပြောသည်။
ကေအိုင်အေတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ပြီးသည်နှင့် ပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက်ရမ်းတမ်းပစ်ခတ်နေခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။
မိုင်းနားကျေးရွာအနီးရှိဂိတ်သည် စစ်ကောင်စီတပ်များ၊ ရဲနှင့် လ.ဝ.က အရာရှိများ စခန်းချထားသည့် စုပေါင်းဂိတ်ဖြစ်ပြီး ယနေ့ညနေ ၇ နာရီခွဲမှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Photo Credit – Asia Times

သင့်ထင်မြင်ချက်ရေးပေးပါ