နောင်မွန်မြို့

ကချင်ပြည်နယ်၊ နောင်မွန်မြို့တွင် အခြေခံစားသောက်ကုန်နှင့်လူသုံးကုန်များ ဈေးတက်နေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိ နောင်မွန်မြို့ အခြေအနေနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ နောင်မွန်ဒေသခံတစ်ဦးက The 74 Media ကို ယခုလို ပြောသည်။
“သူ့ဟာနဲ့သူ တစ်ပါတ်ထက် တစ်ပါတ် တိုးလာတယ်၊ ဆန်အိတ်က ၄၀၀၀၀ ကနေ ၄၅၀၀၀၊ ကြက်သွန်ဖြူက ၅၀၀ ဖိုး ၃ လုံးပဲရတယ် သေးသေးလေးတွေ၊ သူတို့က အလုံးလိုက်ပဲရောင်းတော့တယ်၊ စားသုံးဆီက တစ်ပိသာ ၆၀၀၀ အရင်ကတော့ ၄၀၀၀၊ ဆားတစ်ထုပ်က ၁၀၀၀” ဟု ပြောသည်။
ဒီဇယ်တစ်ဂါလံလျှင် ၈၀၀၀ ကျပ် နှင့် ဓာတ်ဆီတစ်ပုလင်းလျှင် ၁၀၀၀ ကျပ်မှ ယခု ၁၅၀၀ ကျပ်ဖြစ်သည်ဟု သူကဆိုသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မိုးရာသီရောက်ရှိလာခြင်းနှင့်အတူ မြစ်ကြီးနားမြို့တွင် ဈေးဆိုင်များပိတ်သိမ်းထားခြင်းကြောင့် ကုန်ဈေးနှုန်းတက်လာရခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံက သူ့အမြင်ကို ဆက်ပြောသည်။
ဝင်ငွေနည်းပါးသော နောင်မွန်ပြည်သူများအနေဖြင့် ကုန်ဈေးနှုန်းမြှင့်မားလာသည့်အချိန်တွင် ကြုံတွေ့နေရသော အခက်အခဲများနှင့်ပတ်သက်ပြီး နောက်ထပ် ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ကိုယ်ပိုင် တစ်ပိုင်တစ်နိုင်လယ်ပဲလုပ်စားတဲ့အခါကျတော့ ဝင်ငွေတွေလည်းမရှိကြဘူးပေါ့၊ အဲ့လိုဈေးတွေအရမ်းတက်လာတဲ့အခါကျတော့ အရမ်းခက်တယ်၊ မိုးရာသီလည်းဖြစ်တော့လေ၊ ဒီမှာက ဝန်ထမ်းတွေပဲ ဝင်ငွေရှိတာဟုတ်တယ်၊ တခြားသူတွေက ဘာဝင်ငွေမှ မရှိဘူး၊ နောင်မွန်မြို့က ထုတ်ကုန်ဘာမှလည်းမရှိတဲ့အခါကျတော့ ဝင်ငွေတွေလည်းမရှိကြပါဘူး” ဟု ပြောသည်။
ကုန်ဈေးနှုန်းများသည် ပြီးခဲ့သည် ၂၀၂၀ခုနှစ်ထက် ပို၍ မြှင့်မားလာသည့် အခြေအနေကို သူက ယခုလိုဆက်ပြောသည်။
“ရထားတွေဘာတွေလည်းမလာ၊ မြစ်ကြီးနားမှာကိုကလည်း ကုန်ဈေးနှုန်းတွေ တက်နေတဲ့အခါကျတော့ နောင်မွန်မှာ ဒီနှစ်က မနှစ်ကထက် ဈေးပိုကြီးနေတာ” ဟု ပြောသည်။

နောင်မွန်မြို့သည် ကချင်ပြည်နယ် မြောက်ဖျားပိုင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ ၇ ထောင်ကျော်နေထိုင်ပြီးပူတာအိုမြို့မှ ၇၃.၃ မိုင်အကွာအဝေးတွင် တည်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ