Photo KPICT and NUG Fb page

မြန်မာဘောလုံးပရိတ်သတ်များအကြား ဒိုလေး ဟုခေါ်ဆိုကြသော ခရစ်တီယာနို ရော်နယ်ဒိုဟုဆိုလိုက်လျှင် မသိသူမရှိအောင် ကမ္ဘာကျော် ဘောလုံးသမားတစ်ဦးဖြစ်သည်။ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့် အင်စတာဂမ်တွင် စောင့်ကြည့်သူ (Follower) သန်း ၃၀၀ ခန့်ရှိသူဖြစ်သည်။

ရော်နော်ဒိုသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ၂၀၂၀ ယူရိုပြိုင်ပွဲအတွက် ဟန်ဂေရီအသင်းနှင့် ပွဲမတိုင်ခင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အံအားသင့်ဖွယ်လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့သည်။

 

Photo  KPICT and NUG Fb page

 

 

 

သတင်းစာရှင်းလင်းပွဲပြုလုပ်မည့် ခန်းမအတွင်းဝင်ရောက်လာကာ စားပွဲတွင်ထိုင်လိုက်သည်နှင့် တပြိုင်နက် ယူရိုပြိုင်ပွဲ၏ စပွန်ဆာတစ်ခုဖြစ်သည့် ကိုကာကိုလာအချိုရည်ပုလင်းနှစ်ခုကို သူရှေ့မှ ဖယ်ရှားလိုက်သည်။ ထို့နောက် အနီးရှိ ရေသန့်ဘူးကို ကိုင်ပြီး ပေါ်တူဂီစကားဖြင့်“Agua” ရေဟုပြောဆိုလိုက်သည်။

ကျန်းမာရေးလိုက်စားသူအဖြစ်နာမည်ကြီးသည့် ရော်နယ်ဒိုသည် မီဒီယာများရှေ့တွင် ကိုလာကိုလာအစား ရေပဲသောက်ပါ ဟူသည့် အပြုသဘောဆန်သည့် အပြုအမူတစ်ခုကို ပြုလုပ်လိုက်ခြင်းသည် စက္ကန့်ပိုင်းအတွင်း အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်သွားခဲ့သည်။

အဆိုပါအကျိုးဆက်မှာ ကိုကာကိုလာကုမ္ပဏီ၏ ဈေးကွက်တန်ဖိုး ၄ ဘီလီယံအထိ ကျဆင်းသွားခဲ့ပြီး ကုမ္ပဏီ၏ ရှယ်ယာဈေးနှုန်းသည် ဒေါ်လာ ၅၆.၁ မှ ၅၅.၂၂ အထိလျော့ကျသွားခဲ့သည်။ ကုမ္ပဏီတန်ဖိုး ၁.၆ရာခိုင်နှုန်း လျော့ကျသွားခဲ့ခြင်းဖြစ်သည်။

အနောက်နိုင်ငံများရှိ သတင်းစာများက ရော်နယ်ဒို၏ ပြောဆိုချက်ကြောင့် ကိုကာကိုလာ ကုမ္ပဏီ၏ စီးပွားရေးများစွာ ထိုခိုက်သွားသည်ဟု အကျယ်တဝင့် ဖော်ပြကြသည်။

ခေတ်စကားဖြင့် ဆိုရသော် နာမည်ကြီး “ဆယ်လီ” ဖြစ်သူ ရော်နယ်ဒို၏ ပြောဆိုချက်၊ လုပ်ဆောင်ချက်များအားလုံးသည် သူ့၏ ပရိသတ်များပေါ်တွင် လွှမ်းမိုးမှုများစွာရှိသောကြောင့် ဒေါ်လာဘီလျံချီတန်ဖိုးရှိသည့် ကိုကာကိုလာကုမ္ပဏီအပေါ်အကျိုးသက်ရောက်သွားခြင်းဖြစ်သည်။

ကိုကာကိုလာအချိုရည်ကို ရော်နယ်ဒိုကဲ့သို့ အခြားနယ်ပယ်အသီးသီးတွင် အောင်မြင်ကျော်ကြားနေသော ဆယ်လီများကပါ တစ်ညီတစ်ညွတ်တည်း ကိုကာကိုလာ မသောက်ရန် ပြောဆိုခဲ့မည်ဆိုလျှင် ကိုကာကိုလာကုမ္ပဏီသည် ထိုထက်မက စီးပွားရေး ထိခိုက်နစ်နာသွားနိုင်ပေမည်။

မြန်မာပြည်သူလူထုအားလုံး ဆန့်ကျင့်ရမည့် ကုန်ပစ္စည်းများ

လက်ရှိအချိန်တွင် မြန်မာပြည်သူများ၏ စားဝတ်နေရေး၊ နောင်လာနောက်သားတို့၏ အနာဂါတ်၊ တိုင်းပြည်တိုးတက်ရေးတို့ကို တဖြေးဖြေး ဝါးမြို ဖျက်စီးပစ်နိုင်သည့် အကြမ်းဖက် စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်ပစ္စည်း များစွာရှိသည်။
ကုန်ပစ္စည်းများတွင် အမာခံစားသုံးသူရရှိထားသည့် မြန်မာဘီယာ၊ Red Rubby စီးကရက်နှင့် Mytel ဆင်းကတ်တို့လည်း ပါဝင်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ မြန်မာပြည်သူများက နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်နေကြပြီး အမျိုးမျိုးသော ဆန္ဒပြမှုများအပြင် စစ်တပ်ထုတ်ကုန်ပစ္စည်းများကို ဆန့်ကျင်သပိတ်မှောက်ခြင်း (boycott) လှုပ်ရှားမှုလည်း ပါဝင်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်အုပ်စုပိုင် လုပ်ငန်းများ၊ ကုမ္ပဏီများနှင့် ကုန်ပစ္စည်းများကို ဆန့်ကျင်၊ ဟန့်တား၊ ပိတ်ဆို့ ၊ အသုံးမပြုဘဲ ဆန့်ကျင် သပိတ်မှောက်ရန် တိုက်တွန်းထားသည်။

ပြည်သူများ၏ ဆန့်ကျင်သပိတ်မှောက်မှု ရလဒ်အဖြစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန် တစ်ခုဖြစ်သော မြန်မာဘီယာသည် ရောင်းအား ၄၆ ရာခိုင်နှုန်းအထိ ထိုးကျသွားကြောင်း ဂျပန်အဖျော်ယမကာ ကုမ္ပဏီ Kirin ၏ ဖော်ပြချက်အရသိရသည်။

ပြည်သူလူထုက တပ်ပိုင်ကုန်ပစ္စည်းများကို ဆက်လက်အသုံးပြုစားသုံးနေပါက မိမိကိုပစ်မည့်ကျည်ဆံဖိုး မိမိရှာပေးသလိုဖြစ်နေမည်ဖြစ်သည်။

ဆယ်လီများ၏ အခန်းကဏ္ဍ

စစ်အာဏာရှင်စနစ်ကို တစ်ဖက်တစ်လမ်းမှ သက်ဆိုးရှည်အောင်ပြုလုပ်ပေးနေသည့် ၎င်းတို့၏ ထုတ်ကုန်ပစ္စည်းများကို ဆန့်ကျင်သပိတ်မှောက်ရန် ပြည်သူ့အချစ်တော် ဆယ်လီများ၏ တိုက်တွန်းလှုံဆော်မှုသည်လည်း အဓိကကျသည်။

ဆယ်လီများ (ဝါ) ပြည်သူလူထုစောင့်ကြည့်လျက်ရှိသည့် နာမည်ကြီးသူများတွင် အနုပညာ၊ အားကစား၊ နိုင်ငံရေး၊ စီးပွားရေး စသည့်နယ်ပယ်အသီးသီးတွင် အောင်မြင်နေသူများပါဝင်သည်။

ဆယ်လီအမျိုးအစားအများစုတွင် မြန်မာပြည်သူများကို လွှမ်းမိုးမှုအရှိဆုံးမှာ အနုပညာရပ်ဝန်းမှ သရုပ်ဆောင်၊ အဆိုတော်များဟုဆိုလျင် မှားမည်မထင်ပါ။

အချို့ ဆယ်လီများသည် CDM ပြုလုပ်ရန်တိုက်တွန်းမှု၊ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သောကြောင့် အကျဉ်းကျနေသူ၊ တောထဲတောင်ထဲတွင် အခက်အခဲမျိုးစုံ ကြုံတွေနေရသူများလည်းရှိသည်။

အချို့ဆယ်လီများသည် CDM လှုပ်ရှားမှုတွင်ပါဝင်ရန် လှုံဆော်မှုများ မတွေ့ရသလို စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ရန် တိုက်တွန်းမှုလည်းမရှိပါ။

အာဏာသိမ်းပြီးနောက်ပိုင်း နုတ်ဆိတ်နေသော နာမည်ကြီးဆယ်လီအချို့ကို ၎င်းတို့၏အမာခံ ပရိသတ်များက ဒေါသထွက်နေကြသည်။ အနီးစပ်ဆုံး ဥပမာအနေဖြင့် Facebook တွင် ဖော်လိုဝါ သန်းချီရှိသည့် ပျိုမေတို့၏ အသည်းစွဲ ဟစ်ဟော့အဆိုတော်တစ်ဦးဆိုလျှင် အမာခံပရိသတ်များ၏ မုန်းတီးမှုကိုပင် ခံနေရပြီဖြစ်သည်။

ပြည်သူလူထုနှင့်အတူမားမားမတ်မတ်ရပ်တည်နေသည့် နာမည်ကျော်သူများလည်းရှိပြီး ရောခ့်အဆိုတော်တစ်ဦးဖြစ်သူ ဖော်ကာကတော့ စစ်တပ်ပိုင် Andaman Gold ဘီယာနှင့် တစ်နှစ်စာ နယ်လှည့်ဖျော်ဖြေရန် သိန်းထောင်ချီတန် စာချုပ်ကို ဖျက်သိမ်းခဲ့သလို ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီဆုရှင်အချို့ကို စစ်ကောင်စီက ထောင်သွင်းအကျဉ်းချထားသည်။

စစ်အာဏာရှင်ကို လက်နက်စွဲကိုင်တော်လှန်ရန် တိုက်တွန်းလျက်ရှိသည့် အလှမယ်ကဲ့သို့ လွတ်မြောက်နယ်မြေများသို့ ရောက်ရှိနေပြီးဖြစ်သည့် အခြားအနုပညာရှင်များက တပ်ပိုင်ကုန်ပစ္စည်းများကို မသုံးစွဲရန်၊ ဆန့်ကျင်ရန် ဝိုင်းဝန်းတိုက်တွန်းနိုးဆော်ပါက စစ်အာဏာရှင်ကို ပိုမိုအထိနာစေနိုင်ပေမည်။

ပြည်သူများ၏ အခန်းကဏ္ဍ

ဆယ်လီများမှ မည်မျှပင်တိုက်တွန်းနေပါသော်လည်း “တိုင်းပြည်၏ အမိ အဖ”ဖြစ်သော ပြည်သူလူထုက စစ်တပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ဆက်လက်အသုံးပြုနေပါက စစ်အုပ်စု ပိုမိုသက်ဆိုးရှည်နေမည်ဖြစ်သည်။

စစ်အာဏာသိမ်းပြီး မတရားအာဏာရယူထားပြီး အပြစ်မဲ့ပြည်သူရာပေါင်းများစွာကို နှိပ်စက်သတ်ဖြတ်ခဲ့ခြင်းသည် ၎င်းတို့၏ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်လုပ်ဆောင်ခြင်းဖြစ်သဖြင့် တပ်ပိုင်ကုန်ပစ္စည်းများကို ဆက်လက်သုံးစွဲပါက စစ်အာဏာရှင်စနစ်ဆက်လက်အဓွန့်ရှည်ရန် ကူညီပေးနေခြင်း ဖြစ်ပေမည်။

ထို့ကြောင့် “ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရမှာ”ဆိုသော အတွေးကို ဖယ်ထုတ်ပစ်စေလိုသည်။ “ကိုယ်လုပ်သလောက်ရော ကိုယ်အကျိုးခံစားခွင့်ရနေသလား” စသည့်အချက်ကိုလည်း ပြန်စဉ်းစားစေလိုသည်။ တစ်ရက်လုံး နေဝင်နေထွက် နဖူးမှ​ချွေး ခြေမကျသည်အထိ ကြိုးစားခဲ့သော လုပ်အားခသည် အခြားနိုင်ငံများတွင် တစ်နာရီလုပ်အားခ သာရှိသည်။

ထိုကဲ့သို့ ပြည်သူလူထု၏ စားဝတ်နေရေးကို ဖော်ဆောင်ပေးမည့် နိုင်ငံရေးစနစ်ကောင်းကို ဖော်ဆောင်နိုင်ရန် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရန်လိုပြီး ထိုသို့လုပ်ဆောင်နိုင်သည့် နည်းလမ်းတစ်ခုမှာ စစ်တပ်က ထုတ်လုပ်သည့်ကုန်ပစ္စည်းများကို အသုံးမပြုရှောင်ရှားရန်ဖြစ်သည်။

စစ်အုပ်စု၏ ကုန်ပစ္စည်းများဖြစ်သော မြန်မာဘီယာသောက်မည်ဟုတွေးတိုင်း၊ Red Rubby သောက်မည်ဟုတွေးတိုင်း၊ Mytel ဆင်းကတ် wifi အသုံးပြုမည်ဟုတွေးတိုင်း နွေဦးတော်လှန်ရေးတွင် ရက်ရက်စက်စက် အသတ်ခံရသော ပြည်သူများ၊ တောကျိုတောင်ကြားထဲက Gen-Z လူငယ်များ၊ စစ်ရှောင်ပြည်သူများ၊ မတရားဖမ်းဆီးရိုက်နှက်ခံရသူများ၊ ၅၀၅-ကဖြင့် အကျဉ်းကျနေသော ပြည်သူများ၊ နောင်လာနောက်သားတို့၏ အနာဂါတ်ကို မြင်ယောင်ကြည့်စေလိုသည်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်

လက်နက်အားကိုးဖြင့် အာဏာလုထားသည့် စစ်အုပ်စုမှ လူသတ်ရန်အတွက် ဝယ်ယူနေသည့် လက်နက်များကို အဓိကအားဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်ပစ္စည်းများမှ ရရှိနေကြသည်။

“မြန်မာဘီယာ တစ်ဗူးသောက်တိုင်း စစ်တပ်ကို ကျည်ဆံတစ်တောင့်အလှူပေးနေသည်”ဆိုသော စကားသည် စစ်မက်ဖြစ်ပွားရာ တိုင်းရင်းသားဒေသများ၌ ယခင်က ပြောဆိုနေခဲ့သော်လည်း ယခုအချိန်တွင် တစ်နိုင်ငံလုံးအတွက် ဆိုလိုခြင်းဖြစ်နေပေပြီ။

စစ်အုပ်စုသည် မြန်မာဘီယာကဲ့သို့ အဖျော်ယာမကာ ကုန်ပစ္စည်းများအပြင် ဆပ်ပြာ၊ သွားတိုက်ဆေးပါမကျန် နိုင်ငံတစ်ခုလုံး၏ ဈေးကွက်နယ်ပယ်စုံတို့တွင် နေရာယူထားသည်။ သို့သော်လည်း ပြည်သူများကို မဝယ်မနေရ အမိန့်ထုတ်ထားသည်မဟုတ်ပါ။

လက်ရှိအချိန်တွင် ဈေးနှုန်း၊ အရည်အသွေး၊ တံဆိပ်တို့ထက် နိုင်ငံအရေးအတွက် ပြည်သူများအနေဖြင့် စစ်တပ်နှင့် ဆက်စပ်မှုမရှိသော ကုန်ပစ္စည်းများကိုသာ ရွေးချယ်အသုံးပြုသင့်သည်။ စစ်အုပ်စုပိုင် ကုန်ပစ္စည်းများကို သုံးစွဲခြင်း၊ ရောင်းချခြင်း မပြုလုပ်သည်မှာလည်း တော်လှန်ရေးတွင် တစ်ဖက်တစ်လမ်းမှ ကူညီရာရောက်သည်။

အချုပ်အားဖြင့် ဆိုရသော် စစ်အုပ်စု၏ ကုန်ပစ္စည်းများကို ဆန့်ကျင်သပိတ်မှောက်လှုပ်ရှားမှုတွင် နိုင်ငံကျော် ဆယ်လီများအနေဖြင့် ဦးဆောင်ပါဝင်သင့်သကဲ့သို့ ပြည်သူများအနေဖြင့်လည်း အသုံးမပြုခြင်းအားဖြင့် ဝိုင်းဝန်းတွန်းလှန်ကြရန်လိုအပ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းသွားရန် ပြည်သူများအားလုံး၏ စည်းလုံးညီညွတ်မှုက အဓိကကျသည်။ စည်းလုံးမှုကို ပြသရတော့မည့်အချိန်ဖြစ်သည်။ စည်းလုံးမှုရှိလျှင် မည်သည့်အရာမဆိုဖြစ်နိုင်သည်။ စစ်အုပ်စု၏ ထုတ်ကုန်ပစ္စည်းများကို ဆန့်ကျင်သပိတ်မှောက်ရင်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ကြပါစို့။

Photo : KPICT and NUG Fb page

သင့်ထင်မြင်ချက်ရေးပေးပါ