ပညာရေးဒုဝန်ကြီး

ကလေးများ ပညာသင်ကြားသည့် စာသင်ကျောင်းရပ်ဝန်းအတွင်း တပ်စွဲထားသည့်အပြင် ကျောင်းသား၊ ကျောင်းသူများအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်များသည် အကျည်းတန်ရုပ်ဆိုးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်က ပြောကြားလိုက်သည်။

လူမူကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောင်းသားများကို သေနတ်ကိုင်ခိုင်းကာ ဓါတ်ပုံရိုက်ခြင်း၊ ကျောင်းသူမိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်လိုသည့် ပြောစကားအသုံးအနှုန်းများသည် ရုပ်ဆိုးအကျည်းတန်ကြောင်း ဒေါ်ဂျာထွယ်ပန်က The 74 Media ကိုပြောသည်။
“အဲ့ဒါက အရမ်းကို ရုပ်ဆိုးပါတယ်။ အဲ့ဒါက မဖြစ်သင့်တဲ့အရာတွေပါ။ စာသင်ကျောင်းဆိုတာ ကလေးတွေ ပညာသင်တဲ့နေရာ၊ စိတ်ပိုင်းဆိုင်၊ ရုပ်ပိုင်းဆိုင်ရာလုံခြုံရမယ်နေရာတွေ။ ကျောင်းတွေမှာ လုံခြုံရေးအတွက် ဆိုပြီး တပ်စွဲထားတယ်။ တကယ်ရော လုံခြုံရေးပေးနိုင်မလားဆိုတာက တစ်နိုင်ငံလုံးလည်း မြင်တွေ့ပြီးဖြစ်တယ်။ နိုင်ငံသားတွေရဲ့ လုံခြုံရေးကို တာဝန် မယူပေးနိုင်တဲ့အပြင် ကိုယ့်နိုင်ငံသားတွေကို ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်တပ်ပေါ့။ အန္တာရယ်အရမ်းရှိပါတယ် ”ဟုပြောသည်။
ထို့အပြင် မြန်မာနိုင်ငံအနှံ့အပြားရှိ စာသင်ကျောင်းများသည် နိုင်ငံရေးပစ်မှတ်ထားခံရကာ မီးရှို့ခံရခြင်း၊ ဗုံးဖောက်ခွဲခံရမှုများ ဖြစ်ပွားနေသည့် အပေါ် သူအနေနှင့် ရှုံ့ချကြောင်း ဒေါ်ဂျာထွယ်ပန်က ပြောသည်။
“ကျောင်းတွေကို မီးရှို့တာတို့၊ ပြီးရင် ဗုံးဖောက်ခွဲတာတို့၊ ကျွန်မတို့ ရှုံချပါတယ်။ အစကတည်းကလည်း ကျွန်မတို့ ပြောနေပါတယ်” ဟု ဆိုသည်။
လွန်ခဲ့သည့်အပတ်များအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စာသင်ကျောင်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျောင်းဝင်းအတွင်း စစ်ဝတ်စုံ၊ လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးဟုဆိုကာ စာသင်ကျောင်းဝင်းအတွင်း တပ်စွဲထားသည့် အပေါ် ပြည်သူလူထု၏ ဝေဖန်မှုမြှင့်တက်ခဲ့သည်။
နိုင်ငံရေးမတည်မငြိမ်ဖြစ်နေသော ကာလဖြစ်နေသည့်အပြင် ဆရာ၊ ဆရာမ လုံလောက်မှုမရှိနေသော အချိန်၌ သားသမီးများကိုကျောင်းပို့ခြင်းထက် အခြားလေ့လာသင်ယူမည့်နည်းလမ်းများကို အသုံးချသင့်ကြောင်း သူက ဆက်ပြောသည်။
“ဒီလို အတန်းတင်ပညာရေး စနစ်မသွားပေမယ့်လည်း ကိုယ့်သားသမီးတွေအတွက် နစ်နာသွားတယ်လို့ မခံစားစေချင်ပါဘူး။ ကျောင်းမသွားဘူးဆိုပေမယ့် သင်ယူစရာ လေ့လာစရာတွေ အများကြီးရှိနေပါတယ်။ ကျောင်းပို့မှပဲ ကလေးတွေ ပညာတတ်မယ်ဆိုတာ မဟုတ်ပါဘူး။ မိဘတွေကို သေချာစွာ စဉ်းစားစေချင်ပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၈ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ ထီးချိုင့် အ.ထ.က ကျောင်းတွင် ဗုံးဖောက်ခွဲသူ ၃ဦးအနက် အသက် ၁၈ နှစ်အရွယ်ခန့် လူငယ်တစ်ဦးကို ကျောင်းသားမိဘများဝိုင်းဝန်းဖမ်းဆီးခဲ့သည်။
ထို့အပြင် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ အ.ထ.က ၁၁ ကျောင်းတွင် ဇွန်လ ၁၆ ရက်​နေ့က မိုင်းသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ်တွင် မြစ်ကြီးနားမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်းမြို့နယ်၊ ဗန်း​မော်မြို့နယ်၊ ဝိုင်း​မော်မြို့နယ်ရှိ စာသင်ကျောင်းများနှင့်ပညာ​ရေးမှူးရုံးများတွင် ဗုံး​ပေါက်ကွဲမှုများ ဖြစ်​ပေါ်​နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ပညာရေးဝန်ကြီးဌာနက ကြားကာလပညာရေးအတွက် အွန်လိုင်း သင်ကြားရေးနှင့် အိမ်တွင်းသင်ကြားရေးစနစ်ကို ယခုလအတွင်း စတင်အကောင်အထည်ဖော်ဆောင်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ထားသည်။

သင့်ထင်မြင်ချက်ရေးပေးပါ