မိုးကောင်းတွင် သားအဖနှစ်ဦးကို အမည်မသိလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပင်းဘောကျေးရွာ အမှတ် (၃) ရပ်ကွက်တွင် ဇွန်လ ၁၅ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က သားအဖနှစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပင်းဘောကျေးရွာတွင် နေထိုင်ကြသူ မောင်ကျော်ဇောဦးနှင့် ဖခင်ဖြစ်သူ ဦး မြင့်ဝင်းတို့ကို အမည်မသိ လက်နက်ကိုင်အဖွဲ့က အိမ်စီးကားသုံးစီးဖြင့် လာရောက်ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။

“ဦးမြင့်ဝင်းက ခါတိုင်းလိုပုံမှန် ဆိုင်မှာလာပြီး ရေပိုက်ပြင်တယ်၊ အဲ့တာကို ဘယ်အဖွဲ့အစည်းက လက်နက်ကိုင်လည်းတော့ မသိဘူး ရောက်လာပြီး ဦးမြင့်ဝင်းရှိလားပေါ့ ပြီးတော့ လာခေါ်သွားတာ။ ပြီးတော့ အိမ်ပြန်ပြီး အိမ်ထဲမှာ ဘာတွေရှာမှန်းတော့မသိဘူး ရှာတယ် သမီးဖြစ်သူကို သေနတ်နဲ့ ချိန်ထားပြီး မောင်ကျော်ဇောဦးကို လည်းဖမ်းသွားတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် မိသားစုဝင်များက အဆက်အသွယ်မရသေးဘဲ မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးကြောင်း သူကဆက်ပြောသည်။
ဖမ်းဆီးသွားသည့် အကြောင်းအရင်းကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာ၏ NLD ဥက္ကဌ ဦးကျော်အုန်းကိုလည်း ဇွန်လ ၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်တွင် ဖမ်းဆီးခဲ့ပြီး မိုးကောင်းမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ စုစုပေါင်း ၁၆ ဦးခန့်ရှိပြီ ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ