စစ်ကောင်စီတပ်ဖွဲ့ဝင်မျာ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် စီဟက်ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် မေလလယ်မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသောကြောင့် ကျောင်းတက်နေသည့်ကလေးများ ရွာအတွင်းရှိ ဘုန်းကြီးကျောင်းတွင် စာသင်နေကြောင်း သိရသည်။

စီဟတ်ကျေးရွာရှိ မစိုးရိမ်ကျောင်းတိုက်တွင် ဒေသခံ ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းမှ ဆရာ၊ ဆရာမများက လာရောက်သင်ကြားပေးနေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စာသင်ကျောင်းက ဘုန်းကြီးကျောင်းမှာ ဖွင့်ထားတာ။ အစိုးရကျောင်းပဲ ဟုတ်တယ်။ စစ်သားတွေက အဲ့ကျောင်းမှာ တပ်စွဲထားတော့ ဘုန်းကြီးကျောင်းမှာ သင်ကြတာ။ တတ်တာတော့ ရွာထဲက ကလေးတွေ အယောက် ၅၀ လောက်တက်ကြတာ” ဟုသူကပြောသည်။
ထိုကျောင်းတွင် စီဟတ်ကျေးရွာအုပ်ချုပ်ရေးမှူး၏ ဇနီးအပါအဝင် ဆရာမခြောက်ဦးနှင့် ကျောင်းအုပ်ကြီးများက လာရောက်သင်ကြားပေးခြင်းဖြစ်ကြောင်းသူက ဆက်ပြောသည်။
“ကျောင်းအုပ်က စစ်တပ်က ဆရာမဆိုတော့ ဒီမှာလာသင်တာပေါ့၊ သူနဲ့ ဆရာမ ငါးယောက်လောက် ပါလာသေးတယ်။ အုပ်ကြီးဇနီးလည်း ဆရာမဆိုတော့ သူလည်းပါတယ်။ အားလုံး ခုနှစ်ယောက်ပေါ့” ဆိုသည်။
စီဟတ်ကျေးရွာရှိ မစိုးရိမ်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်မှာ လက်ရှိအချိန်တွင် စစ်ရှောင်များနှင့် အတူ ဗန်းမော်မြို့တွင် ရှိနေပြီး ကျောင်းတွင် ကိုရင်လေးများသာရှိနေကြောင်းသိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံအနှံ့အပြားရှိ ကျောင်းများတွင် တပ်စွဲနေရာယူထားမှုများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကလေးများရန်ပုံငွေအဖွဲ့က အစီရင်ခံစာထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီက ကျင့်ဝတ်နှင့်မညီဟုဆိုကာ ပယ်ချခဲ့သည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ် စီဟတ်ကျေးရွာတွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် စစ်ကောင်စီတပ်တို့ကြား လွန်ခဲ့သော ၁၀ ရက်ခန့်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ဒေသဖြစ်သည်။

– ပုံဟောင်းပြန်လည်အသုံးပြုထားခြင်းဖြစ်သည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ