AA စစ်ဦးစီးချုပ်၏ ညီ၊ ညီမနှင့် ယောက်ဖတို့အပါအဝင် ၁၀ ဦး ပြန်လွတ်ပြီ

ရခိုင့်တပ်တော် (AA) ၏ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီ၊ ညီမနှင့် ယောက်ဖတို့အပါအဝင် ၁၀ ဦး ယနေ့ဇွန်လ ၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

 

ပြန်လည်လွတ်မြောက်လာသူများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူများဖြစ်ကြပြီး တရားလိုဘက်က ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် ရုပ်သိမ်းလွှာတင်ခဲ့သဖြင့် တရားသေလွတ်မြောက်လာခြင်းဖြစ်သည်။
AA ၏ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူကိုအောင်မြတ်ကျော်တို့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် AA ကို ထောက်ပံ့သည်ဟူသည့် စွပ်စွဲချက်ဖြင့် စင်္ကာပူအစိုးရက ဖမ်းဆီးကာ မြန်မာနိုင်ငံသို့ ပြန်ပို့စဉ် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီး တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ထို့အပြင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ယောက်ဖဖြစ်သူ ကိုကျော်နိုင်သည် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှ မြန်မာနိုင်ငံသို့ပြန်လာစဉ်အဖမ်းခံခဲ့ရခြင်းဖြစ်ကာ လေဆိပ်တွင် လာကြိုသည့် ဇနီးဖြစ်သူ မမိုးနှင်းဖြူမှာလည်း တစ်ချိန်တည်းတွင် ဖမ်းဆီးခံခဲ့ရသည်။

Photo Credit and source – Western News

သင့်ထင်မြင်ချက်ရေးပေးပါ