ဖားကန့်တွင် စစ်ကောင်စီတပ်ဖွဲ့များက ညသပိတ်ဖြိုခွဲပြီး နေအိမ်များကို ဝင်ရောက်စစ်ဆေး

ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်တွင် ယနေ့ ဇွန်လ ၈ ရက်နေ့၊ ည ၇ နာရီခွဲခန့်တွင် ညသပိတ် ဖြိုခွင်းခံရပြီး နေအိမ်တစ်ချို့တွင် ဝင်ရောက်ရှာဖွေမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မရှီကထောင်ရပ်ကွက်ညသပိတ်ဖြိုခွဲပြီးနောက် နေအိမ်များကိုအတင်းအကြပ်ဖွင့်ခိုင်းခြင်းနှင့် ခြိမ်းခြောက်ခြင်းများပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Mediaကို ပြောသည်။
“အိမ်တံခါးတွေကို ဇွပ်ဖွင့်ခိုင်းတာ၊ ထွက်ခဲ့ပေါ့နော့် မထွက်ခဲ့ရင် အကုန်လုံးကို ရိုက်သတ်မှာ ပစ်သတ်မှာ အဲ့လိုတွေပြောတာ၊ မဆိုင်တဲ့သူတွေ မထွက်နဲ့ ကိုယ့်အိမ်ကိုနေကြတဲ့၊ ညသပိတ်ကို သူတို့လာဖြိုတာ၊ သပိတ်က ပြီးခါနီးချိန် ပြန်တဲ့သူက ပြန်ပြီ အဲ့ချိန်လာတာ” ဟု သူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သပိတ်ဖြိုခွဲစဉ်တွေ့ရှိခဲ့သည့် ပြည်သူများကို ဒူးထောက်ရန် အော်ဟစ်ဆဲဆိုကြိမ်းမောင်းသဖြင့် အနီးအနားရှိပြည်သူများထိတ်လန့်ကြောက်ရွံ့နေသည်ဟု သူက ဆက်ပြောသည်။
ညသပိတ်ဖြိုခွင်းရာတွင် မည်မျှဖမ်းဆီးခံရသည်ကို The 74 Media မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
ဖားကန့်မြို့နယ် မရှီကထောင်ရပ်ကွက်သည် ညသပိတ်ညစဉ်ပြုလုပ်လေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက သပိတ်ပြုလုပ်ရာတွင် ပါဝင်သည်ဟုဆိုကာ နေအိမ်များတွင်ဝင်၍ မကြာခဏ လိုက်လံ ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိသည်။

– ယမန်နေ့ညက ရိုက်ကူးထားသောပုံဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ