KPICT

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် တစ်ဖန်အသက်ဝင်ခဲ့သည့် ကချင်ဒေသတစ်ကျော့ပြန်စစ်ပွဲခရီးကြမ်းသည် လာမည့် ၂၀၂၁ ဇွန်လ ၉ ရက်နေ့တွင် ဆယ်နှစ်တင်းတင်း ပြည့်မြောက်တော့မည်။ တစ်နည်းအားဖြင့် တစ်သိန်းနှစ်သောင်းကျော်သော ကချင်၊ ရှမ်း၊ တအောဝ်းနှင့် လားဟူ အစရှိသည့် သွေးချင်းပြည်သူအများသည် ကချင်ဒေသအနှံ့အပြားတွင် စစ်ဘေးရှောင်ပြည်သူများအဖြစ် မိမိနေရပ်အား စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ဆယ်နှစ်သက်တမ်းသို့ရောက်ရှိလာပြီဖြစ်သည်။

▪️စစ်ဘေးရှောင်ပြည်သူများနှင့် ဤတော်လှန်ရေးခရီးရှည်အား ခွန်အားစိုက်ထုတ်မောင်းနှင်နေသူများအဖို့ လွယ်ကူချောမွေ့သော ခရီးတစ်ခုမဟုတ်ခဲ့ပါ။ လက်နက်ကြီးကျည်နှင့် ဗုံးသံ၊ ကျည်သံများအကြား မိမိနေရပ်ရိပ်မြုံအား စွန့်ခွာထွက်ပြေးရင်း၊ အများထောက်ပံ့သောအိမ်၊ အစားအသောက်နှင့် အစစအရာရာမှီခိုနေကြရသော ကချင်ဒေသစစ်ဘေးရှောင်သူများ၏ နှစ်ရှည်ကြာ ဒုက္ခဆင်းရဲမှုများသည် ဝမ်းနည်းမြည်တမ်းစရာအတိဖြစ်ပါသည်။

▪️တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများအပြင်၊ အရပ်သားများအား လူသားတံတိုင်းအဖြစ် အသုံးပြုခြင်းများနှင့် အရပ်သားများအပေါ်ပစ်မှတ်ထားတိုက်ခိုက်ခြင်းများသည် ထိုနှစ်ကာလများအတွင်း အကြိမ်ပေါင်းမြောက်များစွာဖြစ်ပွားခဲ့သည်။ ထိုသို့ တပ်မတော်၏ထိုးစစ်ဆင်မှုများအပြင်၊ အာဏာရအစိုးရ၏ မတရားမှုအပေါ် နှုတ်ဆိတ်ငြိမ်သက်နေခြင်း၊ စစ်ရှောင်ပြည်သူများနှင့် ပတ်သက်သောမူဝါဒများ ပြောင်းလဲပြင်ဆင်ခဲ့ခြင်း စသည်တို့ကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ပညာရေးစသည့် လူမှုဘဝအဘက်ဘက်မှပျက်စီးဆုံးရှုံးခဲ့ကြရပြီး၊ အသက်ပေါင်းများစွာလည်း ဆုံးရှုံးခဲ့ကြရသည်။

▪️ကချင်ဒေသပြည်သူများအနေဖြင့် မိမိတို့ရပိုင်ခွင့်ရှိသော နိုင်ငံရေးနှင့် ရှိရင်းစွဲအခွင့်အရေးများ ပြန်လည်ရရှိရေး အတွက် ငြိမ်းချမ်းစွာဆွေးနွေးအဖြေရှာသောနည်းနာများအား အကြိမ်ကြိမ်အကောင်အထည်ဖော်ခဲ့ကြပြီ ဖြစ်ကြောင်းကို ၁၉၈၀ ဆွေးနွေးမှုများ၊ ၁၉၉၄ အပစ်အခတ်ရပ်စဲမှုသဘောတူညီချက်နှင့် ၂၀၁၃-၂၀၁၅ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ်ရေးဆွဲရေးဖြစ်စဥ်များသည် ခိုင်မာသောသက်သေများအဖြစ် ဖော်ပြနေသည်။ ထိုသို့ဆွေးနွေးအဖြေရှာသောနည်းလမ်းများအား အကြိမ်ကြိမ်အသုံးပြုခဲ့သော်လည်း ဆွေးနွေးနေစဥ်ကာလအတွင်း တပ်မတော်မှ ပြည်တွင်းစစ်တွင် အသုံးမပြုသင့်သော လေယာဥ်ပစ်လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများသည် ယုံကြည်မှုတည်ဆောက်ရာတွင် အပျက်သဘောဆောင်စေခဲ့သည်။ အလားတူအဖြစ်အပျက်များသည် ကချင်ဒေသတွင်သာမက မြန်မာနိုင်ငံတွင်း အခြားသောပြည်နယ်ဒေသများ တွင်လည်းဖြစ်ပွားခဲ့ပြီး၊ လက်သည်တရားခံအစုအဖွဲ့မှာ တူညီကြသည်။

▪️ယနေ့ မြန်မာနိုင်ငံတိုင်းနှင့်ပြည်နယ်အနှံ့အပြားတွင် တပ်မတော်၏ စစ်စည်းကမ်းနှင့်မလျော်ညီသော ယုတ်မာရိုင်းစိုင်းသည့် အပြုအမူများနှင့် အများပြည်သူ၏ သဘောဆန္ဒကို လေးစားမှုမရှိသော လုပ်ရပ်များအား မြန်မာနိုင်ငံပြည်သူအများအနေဖြင့် မျက်ဝါးထင်ထင်မြင်တွေ့ ခံစားနေရပြီဖြစ်သည်။

▪️ပြဿနာအရပ်ရပ်၏ အရင်းစစ်အမြစ်မြေအား ဖြိုခွဲနိုင်မှသာ စိမ်းလန်းသောပျိုးသစ်ကိုတည်နိုင်မည်။ ဤအရေးတော်ပုံအောင်မြင်မှသာ နှစ်ရှည်လများစွာ စစ်ဘေးဒဏ်ကြောင့် ဒုက္ခရောက်နေသော ကချင‌်ဒေသသွေးချင်းညီအစ်ကိုများသာမက တစ်တိုင်းပြည်လုံး ငြိမ်းချမ်းဖွံ့ဖြိုးနိုင်ပါလိမ့်မည်။

ထို့ကြောင့်၊ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ဖို့၊ စစ်မှန်သော ငြိမ်းချမ်းရေးတည်ဆောက်နိုင်စေဖို့ –

✊အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းကြပါစို့။

✊ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြပါစို့။

✊စစ်ဘေးရှောင်များအား မမေ့မလျော့ ကူညီဖေးမကြပါစို့။

သင့်ထင်မြင်ချက်ရေးပေးပါ