စစ်ကောင်စီယာဉ်တန်းများ

ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းများကို ကေအိုင်အေက ၂၄ နာရီအတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကေအိုင်အေတပ်ဖွဲ့ဝင်များသည် ဇွန်လ ၇ ရက်နေ့က မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာဘက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်အင်အား ၂၀၀ ကျော်ခန့်ပါသည့် စစ်ယာဉ်တန်း ၁၀ စီးကိုလည်း ကြားဖြတ်တိုက်ခဲ့သည်။
မိုးမောက်မြို့နယ် နွမ်းလန့် (Num Lang) ကျေးရွာ အနီး လွယ်ဂျော် (Loi Jaw Kadawng) ကုန်းတွင် ဇွန် ၇ ရက်နေ့ နံနက်ပိုင်းတွင် ကေအိုင်အေ တပ်ရင်း ၁၉ နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ကူမှုများ ရှိခဲ့သည်။
မိုးမောက်မြို့နယ်သည် စစ်ကောင်စီနှင့် ကေအိုင်အေတပ်ဖွဲ့များအကြား တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့သည့်ဒေသဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားသဖြင့် စစ်ရေးတင်းမာလျက်ရှိသည့် နေရာဖြစ်သည်။
ထို့အပြင် ကေအိုင်အေ ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့အနီးရှိ လဂျားယန် (Laja Yang) ကျေးရွာတွင်လည်း ယနေ့နံနက်ပိုင်းက ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) တပ်ရင်းမှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိက္ခာသယ်ကား ယာဉ်တန်း ၁၆ စီးခန့်ကို KIA တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၄ စီးခန့် ပျက်စီးသွားကြောင်း ဒေသခံ များထံမှ သိရသည်။
ကေအိုင်အေတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မိုးမောက်မြို့နယ်၊ ရွှေကူမြို့နယ်၊ မံစီမြို့နယ်နှင့် တနိုင်းမြို့နယ်နေရာအချို့တွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ပုံ/ ၂၀၁၉ ခုနစ်အတွင်းက ဝိုင်း​မော်မြို့နယ် နန်ဆန်ယန်​ကျေးရွာအတွင်း ​တွေ့ရ​သော စစ်​ကောင်စီ၏ စစ်ယာဥ်တန်း။

သင့်ထင်မြင်ချက်ရေးပေးပါ